Sports

အမေရိကန် NFL ပြိုင်ပွဲ၏ Super Bowl ပွဲစဉ်တွင် နယူးအင်္ဂလန်ပတ်ထရွိုက်စ်အသင်း (၅)ကြိမ်မြောက် ဗိုလ်စွဲ

အမေရိကန် NFL (ရပ်ဘီနှင့် အလားသဏ္ဍာန်တူသည့် အားကစားနည်း)ပြိုင်ပွဲ၏ Super Bowl ပွဲစဉ်တွင် နယူးအင်္ဂလန်ပတ်ထရွိုက်စ်အသင်းက အတ္တလန်တာ ဖယ်လ်ကွန်စ် အသင်းကို (၃၄-၂၈)မှတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

Super Bowl ပွဲမှာ NFL ပြိုင်ပွဲရာသီ၏ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ကစားခြင်းဖြစ်ပြီး ယခုနှစ်တွင် (၅၁) ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ် သည်။ ပတ်ထရွိုက်စ်အသင်းသည် Super Bowl ပွဲစဉ်များတွင် ယခုနှစ် ချန်ပီယံဆုအပါအ၀င် ၂၀၀၁၊ ၂၀၀၃၊ ၂၀၀၄၊ ၂၀၁၄ ပြိုင်ပွဲများတွင်လည်း ဗိုလ်စွဲခဲ့သဖြင့် (၅)ကြိမ်မြောက် ချန်ပီယံဆု ရယူနိုင်ခဲ့သည်။

ပြိုင်ဘက်ကစားသမားများ၏ ပစ်မှတ်ထား ဖျက်ထုတ်မှုကြောင့် ကမ္ဘာ့အဆင့် ကစားသမား ဖြစ်လာသည်ဟု ဟာဇက် ပြောကြား

ချယ်လ်ဆီးအသင်း၏ တောင်ပံကစားသမား ဟာဇက်က ၎င်းအား ပြိုင်ဘက်ကစားသမားများ ပစ်မှတ်ထား ဖျက်ထုတ်မှုကြောင့် ကမ္ဘာ့အဆင့် ကစားသမား ဖြစ်လာသည်ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်(၂၄) တွင် အာဆင်နယ်အသင်းအား (၃-၁)ဂိုးဖြင့် အနိုင်ရခဲ့ပြီး ယင်းပွဲတွင် ဟာဇက်က တစ်ကိုယ်တော် ခြေစွမ်းဖြင့် အာဆင်နယ်ကစားသမားများကို ကျော်ဖြတ်ကာ ကိုက်(၅၀)ခန့် ဘောလုံးဆွဲပြေးပြီး ဂိုးသွင်းနိုင်ခဲ့သည်။

ဟာဇက်သည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ပြိုင်ဘက် ကစားသမားများ၏ ပြစ်ဒဏ်ကျူးလွန်ခြင်း အများဆုံး ခံနေရသူဖြစ်ကြောင်း သိရှိရသည်။

၂၀၁၇ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲတွင် ကင်မရွန်းအသင်း ဗိုလ်စွဲ

၂၀၁၇ အာဖရိကနိုင်ငံများ ဖလားဗိုလ်လုပွဲအဖြစ် ကင်မရွန်းနှင့် အီဂျစ်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ပြီး ကင်မရွန်းအသင်းက တိုက်စစ်မှူး အဘူဘာကာရဲ့ နောက်ကျ အနိုင်ဂိုးနဲ့အတူ (၂-၁)ဂိုးနဲ့ အနိုင်ယူဗိုလ်စွဲခဲ့ပါတယ်။

အာဖရိကနိုင်ငံများ ဖလားကို (၇) ကြိမ်ရယူခဲ့ပြီး အအောင်မြင်ဆုံး အသင်းအဖြစ်မှတ်တမ်းဝင်နေတဲ့ အီဂျစ်နဲ့ ဒီဖလားကို (၄)ကြိမ်ရယူပြီး ဒုတိယ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ကင်မရွန်းတို့ ဗိုလ်လုပွဲမှာ ဆုံတွေ့နေလို့ ပွဲက အကြိတ်အနယ်ဖြစ်ခဲ့တယ်။

ပရီးမီးယားလိဂ် ပွဲစဉ်များ အကြို သုံးသပ်ချက်

မန်စီးတီး နှင့် ဆွမ်ဆီး (တနင်္ဂနွေ ည ၆း၀၀ နာရီ)

ဆွမ်ဆီးက မထင်မှတ်ဘဲ ရလဒ်တွေ ပြန်တက်လာတယ်။ နောက်ဆုံးနှစ်ပွဲမှာ လီဗာပူးလ်၊ ဆောက်သမ်တန်တို့လို အသင်းတွေကို ဆက်တိုက်အနိုင်ရခဲ့တဲ့ စွမ်းဆောင်ရည်မျိုးကို တော်ရုံအသင်းတွေ မလုပ်ပြနိုင်ဘူး။ ဒီပွဲလည်း မန်စီးတီးကို ဒုက္ခပေးလိမ့်မယ်။ မန်စီးတီး ခက်ခက်ခဲခဲ ကစားပြီး ကပ်နိုင်ဖို့ရှိတယ်။

ဝါရင့် အားကစားကလောင်ရှင်များ ဂါဝရပြုကန်တော့ပွဲနှင့် အထူးချွန်ဆုံး အားကစားသမားဆုပေးပွဲ ကျင်းပ


ဖေဖော်ဝါရီလ (၄) ရက်တွင် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြီးမှူးပြီး အားကစားကလောင်ရှင်များအဖွဲ့ချုပ်က ကျင်းပသော ၀ါရင့် အားကစားကလောင်ရှင်များအား ဂါဝရပြု ကန်တော့ပွဲနှင့် ၂၀၁၄-၂၀၁၅ ခုနှစ်များအတွက် အကောင်းဆုံး အားကစားသမားဆုချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေးနှင့် အား/ကာသိပ္ပံမှ တာဝန်ရှိသူများ၊ ၀ါရင့် အားကစားကလောင်ရှင်များနှင့် မြန်မာနိုင်ငံ အားကစားကလောင်ရှင်များ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။