စက်မှုဝန်ကြီးဌာနက လူနာတင်ယာဉ်အဖြစ် ဒီဇိုင်းရေးဆွဲ ပြင်ဆင်ထုတ်လုပ်ထားသည့် Toyota Hiace အမျိုးအစား ကားများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ မေလကုန်တွင် ၅၅ စီး လွှဲပြောင်းပေးအပ်မည်

စက်မှုဝန်ကြီးဌာနက လူနာတင်ယာဉ်အဖြစ် ဒီဇိုင်းရေးဆွဲ ပြင်ဆင်ထုတ်လုပ်ထားသည့် Toyota Hiace အမျိုးအစား ကားများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ မေလကုန်တွင် ၅၅ စီး လွှဲပြောင်းပေးအပ်မည်
Published 21 April 2018

စက်မှုဝန်ကြီးဌာနမှ ဒီဇိုင်းရေးဆွဲ ပြင်ဆင်ထုတ်လုပ်ထားသည့် လူနာတင်ယာဉ် အတွင်းပိုင်းအား တွေ့ရစဉ်

စက်မှုဝန်ကြီးဌာနမှ ဒီဇိုင်းရေးဆွဲပြင်ဆင် ထုတ်လုပ်ထားသည့် လူနာတင်ယာဉ်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ မေလကုန်တွင် ၅၅ စီး လွှဲပြောင်းပေးအပ်မည်ဟု သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝယ်ယူရန် အမှာစာ ပေးထားသည့် လူနာတင်ယာဉ်ကား ၅၅ စီးအား သာဂရ စက်မှုနယ်မြေတွင် ထုတ်လုပ်နေခြင်းဖြစ်ပြီး တိုယိုတာ ကုမ္ပဏီမှ ထုတ်လုပ်ထားသည့် လူစီးကား အသစ်များအား စက်မှုဝန်ကြီးဌာန အနေဖြင့် လူနာတင်ယာဉ်များအဖြစ် ဒီဇိုင်းရေးဆွဲပြင်ဆင် ထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက “လက်ရှိမှာတော့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မှာယူထားတဲ့ လူနာတင်ယာဉ် ၅၅ စီးကို ပြင်ဆင်ထုတ်လုပ် နေပါတယ်။ မော်တော်ယာဉ် အသစ်ကိုတော့ ပြည်ပကနေ တင်သွင်းတာပါ။ အတွင်းပိုင်း ပြင်ဆင်မှုကိုတော့ စက်မှုဝန်ကြီးဌာနက အင်ဂျင်နီယာတွေရယ်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကျွမ်းကျင်သမားတော်ကြီးများရယ်၊ တူရကီက ပညာရှင်တွေရယ် ပေါင်းစပ်ညှိနှိုင်းကာ ဒီဇိုင်းရေးဆွဲ ပြင်ဆင် ထုတ်လုပ်ခဲ့တာပါ။ အခုတပ်ဆင် ထုတ်လုပ်နေတာကတော့ အလယ်အလတ်အဆင့် (Standard Type) လူနာတင်ယာဉ် အမျိုးအစား ဖြစ်ပါတယ်။ ယာဉ်ပေါ်မှာတော့ အောက်စီဂျင်အိုးတွေ၊ အရေးပေါ်ကုသမည့် ဆေးပစ္စည်း ကိရိယာတွေ၊ လိုအပ်တဲ့ အထောက်အကူပြု ပစ္စည်းတွေ တပ်ဆင်ထားပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လိုချင်တဲ့ ဒီဇိုင်းအတိုင်း တပ်ဆင်ထားပါတယ်။ ဒီလကုန်လောက်မှာတော့ ၁၅ စီး လွှဲအပ်မယ်။ ကျန်တဲ့ လူနာတင်ယာဉ် ၄၀ စီးကိုတော့ မေလကုန်လောက်မှာ လွှဲအပ်မှာ ဖြစ်ပါတယ်။ လူနာတင်ယာဉ်များကိုလည်း နိုင်ငံတကာအဆင့်မီအောင် ထုတ်လုပ်ထားပါတယ်” ဟု ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝယ်ယူမည့် လူနာတင်ယာဉ်တစ်စီး၏ တန်ဖိုးမှာ ကျပ်သိန်း ၇၄၀ ဖြစ်ကြောင်း၊ ယင်းလူနာတင်ယာဉ်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့မှ ပညာရှင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် အရည်အသွေး စံသတ်မှတ်ကာ စစ်ဆေးအတည်ပြုသွားမည် ဖြစ်ကြောင်း၊ လူနာများအတွက် သက်သောင့်သက်သာဖြစ်အောင် စီစဉ်ထုတ်လုပ်ထားကြောင်း၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ စုံလင်စွာ တပ်ဆင်ထားကြောင်း၊ အဆိုပါ လူနာတင်ယာဉ်များအား တစ်နှစ်အာမခံဖြင့် ထုတ်လုပ်ပေးနေကြောင်း သိရသည်။

လူနာတင်ယာဉ်များအား ပုဂ္ဂလိကကဏ္ဍမှ မှာယူလိုပါကလည်း ထုတ်လုပ်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း၊ ဝယ်ယူသူစိတ်ကြိုက် တပ်ဆင်ပေးမည်ဖြစ်ကြောင်း၊ တပ်ဆင်မည့်ပစ္စည်းများ အရေအတွက်နှင့် အရည်အသွေးအပေါ် မူတည်ပြီး ဈေးနှုန်းအနည်းငယ် ပြောင်းလဲနိုင်ကြောင်း၊ ဆေးရုံနှင့် အလှမ်းဝေးသည့် ဒေသများမှ လူနာတင်ယာဉ်များ ဝယ်ယူလိုပါက ၎င်းတို့အသုံးပြုလိုသည့် ကားအမျိုးအစားများဖြင့်လည်း တပ်ဆင်ထုတ်လုပ်ပေးမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် ပုဂ္ဂလိကဆေးရုံများမှ အများဆုံး အသုံးပြုနေသော လူနာတင်ယာဉ်များမှာ အခြေခံလူနာတင်ယာဉ် (Basic Ambulance) များဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အသုံးပြုနေသည့် လူနာတင်ယာဉ်များသည် Standard အမျိုးအစားနှင့် Adbance (အဆင့်မြင့် လူနာတင်ယာဉ်များ) ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာန အနေဖြင့် လက်ရှိတွင် Standard Ambulance အမျိုးအစား လူနာတင်ယာဉ်များကိုသာ ထုတ်လုပ်နေခြင်းဖြစ်ကြောင်း၊ နောက်ပိုင်းတွင် အဆင့်မြင့် လူနာတင်ယာဉ်များကိုပါ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ ထုတ်လုပ်နေသည့် လူနာတင်ယာဉ်များအား ဂျပန်နိုင်ငံမှ ထုတ်လုပ်သည့် ဘယ်မောင်း Toyota Hiace Commuter 2007 Model အမျိုးအစားကို အခြေခံ၍ မွမ်းမံထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း၊ ယင်းမော်တော်ယာဉ်များအား ဝယ်ယူကာ ယာဉ်အတွင်းပိုင်း တပ်ဆင်သည့် အရေးပေါ် ဆေးကုသမည့် ပစ္စည်းကိရိယာများကိုသာ ဒီဇိုင်းရေးဆွဲ တပ်ဆင်ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း အလားတူ Toyota Hiace Commuter အမျိုးအစား မော်တော်ယာဉ်များကို လူနာတင်ယာဉ်များအဖြစ် ပြောင်းလဲတပ်ဆင် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာနမှ တပ်ဆင်ထုတ်လုပ်သည့် လူနာတင်ယာဉ်များ အပါအဝင် နောက်ပိုင်းတွင် ထုတ်လုပ်မည့် ယာဉ်များကို နိုင်ငံတကာအဆင့်မီ အရည်အသွေး ဖြစ်စေရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် နိုင်ငံတကာ အသိအမှတ်ပြု Ambulance ယာဉ်စစ်ဆေးရေးအဖွဲ့ဖြစ်သည့် CAAS (Commission on Accreditation of Ambulance Services) ၏ Standard and Guideline များနှင့်အညီ ထုတ်လုပ်သွားနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

 

Most Read

Most Recent