ဆင်းရဲမွဲတေမှုရဲ့ သားကောင်များ

ခုန်ချသေဆုံးခဲ့သည့် မြန်မာအမျိုးသမီးငယ် (ပုံသေး) နှင့် ခုန်ချခဲ့သည့် ကွန်ဒိုအား တွေ့ရစဉ် (ပုံကြီး)

ဇွန် ၁၂ ရက်က စင်ကာပူတွင် နေထိုင်သည့် မြန်မာလူမျိုး လုပ်သားများအကြားသာမက မြန်မာတိုင်းရင်းသားများအကြားတွင် ထိတ်လန့်စရာ သတင်းတစ်ပုဒ် ပေါ်ထွက်ခဲ့သည်။ အဆိုပါသတင်းမှာ စင်ကာပူနိုင်ငံတွင် အိမ်ဖော် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား မြိုလူမျိုး (ရခိုင် တိုင်းရင်းသားမျိုးနွယ်စုတွင် တစ်ခုပါဝင်သည်) အမျိုးသမီးငယ်တစ်ဦး တိုက်ပေါ်မှ ခုန်ချကာ သေကြောင်းကြံစည်ခဲ့သည့် သတင်းဖြစ်သည်။

အသက်နှစ်ဆယ်ကျော်ခန့်အရွယ် မဇင်မာဦး အမည်ရှိ အဆိုပါအမျိုးသမီးငယ်မှာ စင်ကာပူနိုင်ငံအမှတ် 180 Depot လမ်းပေါ်ရှိ Interlace ကွန်ဒိုမှ ခုန်ချသေဆုံးခဲ့ခြင်း ဖြစ်သည်။ ယင်းအမျိုးသမီးငယ်မှာ ယင်းကွန်ဒို၏ ၁၉ ထပ်အမြင့်မှတစ်ဆင့် ခုန်ချကာ မိမိကိုယ်ကိုယ်သတ်သေသည့် ရုပ်သံဗီဒီယိုဖိုင်မှာလည်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့သည်။

ယင်းရုပ်သံဖိုင်တွင် အမျိုးသမီးငယ်မှာ ကွန်ဒိုပေါ်မှ ခုန်မချမီ သူမအား ကူညီကယ်ဆယ်ရန် ဆောင်ရွက်နေသူများနှင့် စကားပြောနေသည်ကို တွေ့ရသည်။

အပြန်အလှန် ပြောဆိုမှုများ ပါဝင်သည့် ယင်းဗီဒီယိုဖိုင်တွင် စကားပြောနေမှုများသာမက ကွန်ဒိုပေါ်မှခုန်ချသည့် မြင်ကွင်းများလည်း ပါဝင်သည်ကို တွေ့ရသည်။

“မြန်မာလူမျိုးတွေ ဒီမှာ တိုက်ပေါ်က ခုန်ချတယ်ဆိုတာက တစ်နှစ်ကို တစ်ခါလောက် ဖြစ်တယ်။ အများစုက အိမ်ဖော်လုပ်တဲ့သူတွေက များတယ်”ဟု စင်ကာပူနိုင်ငံတွင် ၁၀ နှစ်ကျော် အလုပ်လုပ်ကိုင်နေသည့် ကိုလှမျိုးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်ကျော် ကာလများက ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သူမှာ ပမာဏ အနည်းငယ်သာရှိခဲ့သော်လည်း ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှ စပြီး သွားရောက် လုပ်ကိုင်သူ များပြားလာခဲ့သည်ကို တွေ့ရသည်။

“ အရင်ကျွန်တော်တို့ လာလုပ်တုန်းက မြန်မာဆိုတာ သိပ်မများသေးဘူး။ အခုကတော့ ပင်နီဆူလာ တစ်ခုလုံးနီးပါးကတော့ မြန်မာတွေချည်းပဲလို့ ပြောလို့ရတယ်”ဟု ကို လှမျိုးက လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ဆက်သွယ်ပြောကြားသည်။

ယင်းသို့ စင်ကာပူသို့ သွားရောက်လုပ်ကိုင်သူများမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စက်ရုံ၊ အလုပ်ရုံများတွင်သာမက အိမ်အကူလုပ်ငန်းများနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာများတွင် သွားရောက်လုပ်ကိုင်သူများလည်း များပြားလာခဲ့ကြောင်း စင်ကာပူရောက် မြန်မာလူမျိုးများက ပြောကြားသည်။

“အခုတော်တော်များများလုပ်နေတာကတော့ အိမ်အကူအလုပ်။ လာတဲ့ပုံစံကတော့ အေးဂျင့်နဲ့ လာတာတွေလည်းရှိတယ်။ အကြွေး စနစ်နဲ့ပေါ့။ လခထဲက ဖြတ်မယ်ဆိုတဲ့ သဘောတူညီချက်နဲ့ပေါ့။ ဒါမှ မဟုတ်ရင်အလည်အပတ် ဗီဇာနဲ့ လာတယ်။ ဒီရောက်မှ အလုပ်ရှာပေါ့။ အဲဒါကတော့ အိမ်ဖော်တစ်မျိုးတည်းအတွက် မဟုတ်တော့ဘူး။ ကျန်တဲ့ အလုပ်တွေလည်း ပါလာတာပေါ့”ဟု ကိုလှမျိုးက ပြောကြားသည်။

ပြည်တွင်းအလုပ်အကိုင် ရှားပါးမှု၊ လုပ်ခလစာ မလောက်ငမှု စသည့်အချက်များမှာ ပြည်ပသို့သွားရောက်လုပ်ကိုင်သူ များပြားလာသည့် အခြေခံအကြောင်းရင်းများဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လူတွေရဲ့ ပညာရည်နိမ့်ပါးတာ၊ အလုပ်အကိုင်တွေ အဆင်မပြေကြဘူး။ ပြည်တွင်းအလုပ်အကိုင် ရှားပါးတာတွေက ပြည်ပကို ရရာအလုပ်နဲ့ ထွက်လုပ်ကြဖို့ တွန်းအားပေးတဲ့ အခြေအနေတစ်ခုပေါ့” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။ ယင်းကဲ့သို့ အလုပ်သွားရောက် လုပ်ကိုင်ရာတွင် အိမ်နီးချင်း အာဆီယံနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများသို့ သွားရောက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ထိုသို့ သွားရောက်လုပ်ကိုင်စေရာတွင် အေဂျင်စီများအား တာဝန်ယူမှု တာဝန်ခံမှုများနှင့်ပတ်သက်ပြီး ခံဝန်ကတိများကို ရေးထိုးစေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်နွယ်ဦးက ပြောကြားသည်။

“ကျွန်မတို့က ဒီအလုပ်သမားနဲ့ ပတ်သက်ပြီးတော့ အေဂျင်စီတွေကို အစစ တာဝန်ယူပါဆိုတဲ့ ခံဝန်ကတိတွေ ထိုးစေတယ်။ အဲဒီလိုလုပ်ပြီးရင် စက်ရုံအလုပ်ရုံတွေကို လွှတ်ပါတယ်”ဟု ဒေါ်ခင်နွယ်ဦးက ပြောကြားသည်။

စင်ကာပူသို့ သွားရောက်လုပ်ကိုင်ရာတွင် ယခင်က ဆောက်လုပ်ရေးလုပ်ငန်းနှင့် စက်ရုံအလုပ်ရုံများသို့ အမျိုးသားအများစု  သွားရောက်လုပ်ကိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် အမျိုးသမီးများမှာ အိမ်အကူလုပ်ငန်း၊ သူနာပြုလုပ်ငန်းများတွင် သွားရောက် လုပ်ကိုင်ခဲ့ကြသည်။

ယင်းကဲ့သို့ အခြေအနေများကြောင့် ယခင်အစိုးရလက်ထက်တွင် စင်ကာပူနိုင်ငံ သို့ အိမ်အကူလုပ်ကိုင်ခြင်းအား တရားဝင်အဖြစ် ပို့ဆောင်ပေးရန် အေဂျင်စီများအား ပို့ဆောင်ခွင့်ပြုခဲ့သည်။

“ကျွန်မတို့ အမျိုးသမီးတွေကိုတော့ အပြင်မှာ သွား အလုပ်မလုပ်စေချင်ကြဘူး။ ဒါပေမဲ့ အားလုံးကလည်းသွားမယ်။  စေလွှတ်တဲ့သူတွေလည်း ရှိတယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားဆိုတော့ ကျွန်မတို့က လွှတ်လိုက်ပါတယ်။ စက်ရုံ အလုပ်ရုံတွေကို လွှတ်တာတော့ ပြဿနာမရှိပါဘူး။ လူအများနဲ့ နေရတယ်။ လူအများနဲ့ စကားပြောရတယ်။ အဲဒီကနေ တစ်ဆင့်တက်ပြီး အိမ်တွင်းအထောက်အကူပြုတွေကို လွှတ်မယ်ဆိုပြီး တောင်းဆိုလာကြတယ်။ အဲဒီကျတော့ ဒီအေဂျင်စီတွေက လုပ်သားရဲ့ ဈေးကွက်တွေကို ရှာတာဖြစ်တယ်။ တစ်နေရာနဲ့ တစ်နေရာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကျတော့ အလုပ်အကိုင်အခွင့်အလမ်းများတဲ့ နေရာ၊ လုပ်ခလစာများတဲ့နေရာကို သွားကြ ခြင်းပေါ့နော်။ အဲဒီအတွက်ကြောင့် စေလွှတ်ချင်တယ်ဆိုပြီး တင်ပြလာကြတယ်။  ၂၀၁၃ ခုနှစ်မှာ စင်ကာပူကို စလွှတ်တယ်။ အေဂျင်စီ ခြောက်ခုက အိမ်တွင်း အထောက်အကူပြု အလုပ်သမားတွေကို စေလွှတ်တယ်။ အဲဒီ လိုစေလွှတ်တာ အလုပ်သမားတွေအတွက် သင်တန်းကျောင်းတွေ ဖွင့်တယ်။ သင်တန်းကျောင်းတွေမှာလုပ်ငန်းနဲ့ ပတ်သက်တဲ့သင်တန်း၊ ဘာသာစကား သင်တန်းတွေ အဲဒါတွေကို သင်ပေးတယ်။ ကျန်းမာရေးအတွက်လည်း သင်တန်းပေးတယ်။ သွားခါနီးမှာဆိုရင် ကျွန်မတို့ဌာနက Brefin လည်း ပေးပါတယ်။ ဖုန်း နံပါတ်တွေ aပးတယ်။ ကျွန်မတို့ လွှတ်ထားတဲ့ သူတွေထဲမှာ အဆင်မပြေတဲ့သူတွေ မရှိသေးဘူး။ နောက်တစ်ခါ စင်ကာပူကို Pilot ပရောဂျက် လုပ်လိုက်တဲ့အခါမှာတော့ အောင်မြင်တယ်လို့ ယူဆပြီးတော့ ဟောင်ကောင်ကို လွှတ်တယ်။ ဟောင်ကောင်ကိုကျတော့ လူ ၁၇၀ လောက်လွှတ်လိုက်တယ်။ ဟောင်ကောင်မှာလည်း ပြဿနာ ကြီးကြီးကျယ်ကျယ် မရှိဘူး”ဟု ဒေါ်ခင်နွယ်ဦးက ပြောကြားသည်။

သို့သော်နောက်ပိုင်းတွင် ပြည်သူများ၏ တောင်းဆိုမှုနှင့်အတူ ပြည်ပသို့ အိမ်အကူစေလွှတ်ခြင်းအား တစ်နှစ်ခန့်အကြာတွင် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

“ဟောင်ကောင်ကိုရော စင်ကာပူကိုရော ကျွန်မတို့ ခဏရပ်ခဲ့တယ်။ အဲဒါကလည်း ဘာကြောင့်ရပ်တာလဲဆိုရင် အားလုံးကလည်း ပြောကြတယ်။ စင်ကာပူအိမ်ဖော်တားမြစ်ရေးကို ဖွင့်ပေးသင့်တယ်တဲ့။ ကျွန်မတို့က ဌာနဆိုင်ရာပါ။ ကျွန်မတို့အနေနဲ့ ပြည်သူ့အသံကို နားထောင်ရပါတယ်။ အခုပြည်သူတွေရဲ့ အသံကို နားထောင်မယ်။ ပြည်သူတွေက စေလွှတ်ခိုင်းလို့ အေဂျင်စီတွေက စေလွှတ်နေလို့ လုပ်သားဈေးကွက် မရှိရင် လွှတ်လို့မရဘူး။ မီဒီယာတွေကလည်း အိမ်တွင်းအထောက်အကူပြုတွေကို လွှတ်နေပါတယ်လို့ ရေးကြတယ်။ ပြောခဲ့တယ်။ အဲဒီအတွက်ကြောင့် ကျွန်မတို့ ရပ်ဆိုင်းခဲ့တယ်”ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်နွယ်ဦးက ပြောကြားသည်။

သို့သော် လက်ရှိတွင် တရားမ၀င်သွားရောက်ကာ အိမ်အကူလုပ်ကိုင်မှုများ ရှိနေကြောင်း၊ ၀န်ကြီးဌာနမှ သိရှိထားသည့် စာရင်းများအရ စင်ကာပူတွင် သွားရောက်လုပ်ကိုင်သည့် အိမ်အကူဦးရေ ၄၀၀၀၀ နီးပါးခန့် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်မတို့က စင်ကာပူကို ၁၃၀ ပဲ ပို့ ထားပါတယ်ပြောတယ်။ ဟောင်ကောင်ကို ၁၇၀ ပို့ထားပါတယ် ပြောတယ်။ ဒါပေမဲ့ စင်ကာပူမှာရောက်နေတဲ့သူက ၄၀၀၀၀ နီးပါး ခန့်ရှိတယ်”ဟု ဒေါ်ခင်နွယ်ဦးက ပြောကြားသည်။

အိမ်အကူလုပ်သား စေလွှတ်ထားသော အေဂျင်စီများအနေဖြင့် ၀န်ကြီးဌာနအား စာရင်းများကို တင်ပြရန် လိုအပ်ကြောင်း၊ ထိုသို့ တင်ပြရန်တောင်းဆိုခြင်းမှာ အရေးယူရန်အတွက် မဟုတ်ဘဲ အလုပ်သမားများအတွက် ကူညီပေးနိုင်ရန်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အေဂျင်စီ စာရင်းကို မလိုချင်ဘူး။ ကျွန်မတို့က စင်ကာပူမှာ ရောက်နေတဲ့ လူစာရင်းကိုပဲ လိုချင်တယ်။ စာရင်းရရင် ကျွန်မတို့က ကျွန်မတို့ လွှတ်ထားတဲ့ အလုပ်သမားပါလို့ အသိအမှတ်ပြုမယ်။ မှတ်ပုံမတင်ထားတဲ့သူ တွေကို အရေးယူဖို့မရှိပါဘူး”ဟု ၎င်းကပြောကြားသည်။

“အဲဒီလိုလူတွေအတွက်ကို ဘယ်လို အကြောင်းနဲ့ဖြစ်ဖြစ် ကျွန်မတို့ကို စာရင်းပေးပါ ပြောတယ်။ အဲဒီစာရင်းပေးမယ်ဆိုရင် အဲဒီလူတွေကို ကျွန်မတို့က အထောက်အထား လုပ်ပေးမယ်။ ကျွန်မတို့က အသိအမှတ်ပြုမယ်။ တရားဝင်သွားတာ မဟုတ်ဘူးလို့ သူတို့ကပြောရင် ဟိုမှာကတော့ နိုင်ငံခြားမှာ နေတယ်။ ကျွန်မတို့မှာ စာရင်းမရှိဘူး။ ကျွန်မတို့ မှာ တရားဝင် မဟုတ်ဘူး။ ဟိုမှာ တရားဝင် အလုပ်လုပ်တယ်။ ဒါပေမဲ့ အကူအညီပေးဖို့ ကျတော့ ခဲယဉ်းတယ်။ စာရင်းမရှိလို့။ စာရင်း ရှိရင် တရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ ကျွန်မတို့ကို သူတို့ ဘယ်နေရာမှာရှိတယ်။ ဘာလုပ်နေတယ်ဆိုတာကို စာရင်းလာပေး ခိုင်းထားတယ်။ စာရင်းကတော့ သိပ်မပြည့်စုံ သေးဘူး။ လေးသောင်းအထိ စာရင်းမရသေးဘူး။ တချို့တော့ ရထားပါတယ်။ အဲဒါတွေပြီးရင်တော့ အလုပ်သမားတွေကို အထောက်အထား ပေးမယ်”ဟု ပြောကြားသည်။

လက်ရှိတွင် အစိုးရအနေဖြင့် စင်ကာပူ အစိုးရနှင့်ညှိနှိုင်းကာ လေဆိပ်တွင် အလုပ် သမားစောင့်ကြည့်သည့်ကောင်တာကို ဖွင့် လှစ်ခဲ့သော်လည်း အခက်အခဲများကို တွေ့ ကြုံရကြောင်း သိရသည်။

“စင်ကာပူနဲ့ ဆွေးနွေးလိုက်ကြတာပေါ့။ အခုကျွန်မတို့က လေဆိပ်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားများ သတင်းပို့ ကောင်တာ ထားတယ်။ ဒါပေမဲ့ ဒီကောင်တာကိုဖြတ်ပြီးမှ လေဆိပ်ရဲ့တခြားနေရာကို သွားရမယ်လို့ မဆိုလိုဘူး။ ကျွန်မတို့ထားတဲ့ကောင်တာက မဖြတ်မနေရတဲ့ နေရာမျိုးမှာ မရှိဘူး။ အဲဒီတော့ ကောင်တာကို လာမဖြတ်ဘူး။ လာဖြတ်တဲ့အချိန်မှာမှ ကျွန်မတို့က သိတယ်။ စင်ကာပူကို အလည်အပတ်ဗီဇာနဲ့ လာတယ်။ ကျွန်မတို့ က မေးမယ်။ အလည်အပတ်ဆို ဘယ်ကိုလာတာလဲ၊ ပိုက်ဆံ ဘယ်လောက်ပါလဲ။ ဟိုဘက်က အထောက်အထားတွေပြ၊ အဲဒီလို ပြောလာတဲ့အခါမှာ IPA လက်မှတ်ပေါ့။ အဲဒါတွေက အွန်လိုင်းနဲ့လာတယ်။ အွန်လိုင်းနဲ့ လာတော့ သူတို့လက်ထဲ တိုက်ရိုက်ရောက်သွားတာပေါ့” ဟု ဒေါ်ခင်နွယ်ဦးက ဆိုသည်။

စင်ကာပူသို့ သွားရောက်လုပ်ကိုင်ရာတွင် ယခင်က တရားဝင် သွားရောက်ခွင့်ပြုထားသော်လည်း လက်ရှိတွင် ပိတ်ပင်ထားသော်လည်း နည်းမျိုးစုံဖြင့် သွားရောက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ထိုသို့ သွားရောက်လုပ်ကိုင်ရာတွင် စင်ကာပူနိုင်ငံရှိ အေးဂျင့်မှ IPA Letter အား ထုတ်ပေးပြီး မြန်မာနိုင်ငံရှိ အေးဂျင့်မှတစ်ဆင့် ပို့ဆောင်ပေးကြောင်း သိရသည်။

“ပုံစံကတော့ အလည်အပတ် ဗီဇာနဲ့ သွားတယ်။ ဒါပေမဲ့ IPA Letter ပါမှရမယ်ဆိုတော့ အဲဒါကို အွန်လိုင်းကနေ ပို့လိုက်တယ်။ အဲဒါနဲ့ စင်ကာပူကို ရောက်ရင်လေဆိပ်မှာ ပြပြီး အလုပ်ရှိတဲ့ဆီကို သွားကြတာပေါ့။ နောက်တစ်ခုက ဗီဇာပြည့်လို့ မြန်မာပြည်ပြန်လာတဲ့သူကို ဟိုကအိမ်ရှင်က တိုက်ရိုက်ခေါ်တဲ့ပုံစံပေါ့။ ဒါပေမဲ့ အေဂျင်စီချင်း ချိတ်ရတာပဲ။ အရင်လုပ်ဖူးတဲ့သူတွေအတွက် အဆင်ပြေတယ်။ ဒါပေမဲ့ အသစ်တွေဆိုရင်တော့ တော် တော်ခက်တယ်” ဟု ရန်ကုန်မြို့ အခြေစိုက် ပြည်ပ အလုပ်အကိုင်လိုင်စင်ရ ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အာဆီယံနိုင်ငံများတွင် ဖိလစ်ပိုင်နိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှာ ပြည်ပတွင် သွားရောက်လုပ်ကိုင်သည့် မိမိတို့နိုင်ငံသား အိမ်အကူများအား တာဝန်ယူမှုတာဝန်ခံမှု အပြည့်ရှိကြောင်း၊ အဆိုပါနိုင်ငံများမှ လုပ်ငန်း နှင့် ပတ်သက်သည့်သင်တန်းများ၊ ဘာသာစကား သင်တန်းများကို ပို့ချပေးကြောင်း ဒေါ် ခင်နွယ်ဦးက ပြောကြားသည်။

“စေလွှတ်ခဲ့မယ်ဆိုရင်တော့ ကျွန်မအမြင်မှာ ဖိလစ်ပိုင်ကတော့ အလုပ်သမားကို စံပြုလောက်တဲ့ နိုင်ငံပဲ။ ဖိလစ်ပိုင်က စေလွှတ်တဲ့အခါမှာ Taster ကနေစတယ်။ အဲဒီကနေ  NC -Level 2 ရတဲ့သူကိုပဲ စေလွှတ်တယ်။ သူ့နိုင်ငံမှာ နှစ်ခေါက် Training လုပ်ထားတာ။ ဟိုကိုရောက်ရင် တစ်ခေါက် ထရိန်နင် လုပ်ရတယ်။ ဖိလစ်ပိုင်လိုမျိုး လုပ်နိုင်ပြီ၊ အိမ်တွင်း အထောက်အကူပြုသူတွေကို ပို့ချင်တယ်ဆိုရင် အေဂျင်စီတွေအနေနဲ့ အဲဒီလို လုပ်နိုင်ဖို့ လိုအပ်တယ်။ အေဂျင်စီက လူတစ်ယောက် လွှတ်ထားရင် တာဝန်ယူဖို့ လိုကိုလိုအပ်တယ်။ကျွန်မတို့အနေနဲ့လိုအပ်တာကို ပံ့ပိုးပေးမယ်။လူတော့ လွှတ်လိုက်တယ်။ ဒါပေမဲ့ အေဂျင်စီက မရှိဘူး ဖြစ်နေတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

သွားရောက်လုပ်ကိုင်သူများအနေဖြင့်  လုပ်ငန်းခွင်အကြောင်းများသာမက ဘာသာစကား တတ်ကျွမ်းမှု၊ အစားအသောက်ပုံစံများကအစ ရင်းနှီးကျွမ်းဝင်မှုရှိရန် လိုအပ်ကြောင်း ၎င်းကပြောကြားသည်။

“အိမ်တွင်း အထောက်အကူပြုဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံထဲမှာဆိုရင် ဆွေနီးမျိုးစပ်တစ်ခုခုဖြစ်ရင် မိသားစုဆိုတဲ့ပုံစံနဲ့ မိသားစုဆိုတဲ့ ပုံစံနေတယ်။ အလုပ်သမားဆိုတာ နိုင်ငံတိုင်းမှာ ရှေးကတည်းကရှိတယ်။ မြန်မာနိုင်ငံက သွားတဲ့သူတွေဆိုရင် သူတို့မိသားစုအတွက် သူတို့နိုင်ငံအတွက် သူတို့က တစ်စိတ်တစ်ဒေသ ပါဝင်တဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ သူတို့ကို မေ့လို့တော့ မရဘူး။ ဒီမှာလုပ်တာနဲ့ ပြည်ပမှာ လုပ်တာနဲ့ ကွာခြားတာပေါ့။ သွားတဲ့သူတွေ အနေနဲ့ ကိုယ်လုပ်မယ့်အလုပ်အကြောင်း သေချာသိဖို့ လိုအပ်တယ်။ ဘာမှမတတ်လည်း သွားလုပ်ရတာ လွယ်တယ်။ ပညာအရည်အချင်း မတတ်ရင်လည်း သွားလုပ်လို့ရတယ်ဆိုရင် မှားပါတယ်။ တကယ်လုပ်ကြည့်တော့ မလွယ်ဘူး။ စက်ကိရိယာတွေနဲ့ လုပ်ရတော့ အဆင်မပြေတာ။ ဘာသာစကား နားမလည်တာတွေ အစားအသောက်ကို မ၀တာ။ သူတို့ ဘာသာစကားတွေလည်း လိုအပ်တယ်။ တစ်ယောက် နဲ့ တစ်ယောက် ဘာသာစကားပြောမယ်။ အဲဒါကြောင့် ဘာသာစကားနား လည်ထားဖို့လည်း လိုအပ်တယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်နွယ်ဦးက ပြောကြားသည်။

အေဂျင်စီများအနေဖြင့်လည်း မိမိပို့ဆောင်ပေးသည့် လုပ်သားများအနေဖြင့် အခက်အခဲရှိခြင်း၊ မရှိခြင်းများကို မေးမြန်းစုံစမ်းရန် တာဝန်ရှိကြောင်း ၎င်းကပြောကြားသည်။

ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များကို စစ်ဆေးကြည့်ပါက စင်ကာပူသို့ သွားရောက်ရာတွင် အကြွေး စနစ်ဖြင့် သွားရောက်ခဲ့ပြီး လုပ်ခလစာများမှ ပြန်လည်ဖြတ်တောက်ခြင်းများကို ပြုလုပ်သည့်စနစ်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် အိမ်ရှင်များ၏ နှိပ်စက်ခြင်း၊ အစာရေစာ မ၀လင်ခြင်း စသည့် အခြေအနေများကိုလည်း ကြုံတွေ့ရကြောင်း၊ ဖြစ်စဉ်များတွင် အသက်မပြည့်သေးသူများလည်း ပါဝင်လာသည်ကို တွေ့ရှိရကြောင်း သိရသည်။

“တရားမ၀င် အိမ်အကူပို့တယ်။ ပို့တဲ့ နေရာမှာ ဖြတ်တဲ့လစာက ခြောက်လ။ တစ်ခါ စာရွက်စာတမ်း မှားတာတွေ တွေ့တယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေဖြစ်တာ တွေတွေ့ရတယ်။ ၂ ရက်နေ့က ပြန်လာတဲ့ ကလေးဆိုရင် ၁၅ နှစ်ပဲ ရှိသေးတယ်။ အဲဒီတော့ သူ့ရဲ့ပတ်စ်ပို့တွေ၊ သန်းခေါင်စာရင်းတွေက ဘယ်သူလုပ်ပေးလဲ။ ဘယ်သူမှ မသိဘူး” ဟု မြန်မာ ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ အမှု ဆောင်ကော်မတီဝင် ဦးဇော်မျိုးမြင့်က ပြောကြားသည်။

သို့သော် စင်ကာပူနိုင်ငံသို့ တရားမ၀င် သွားရောက်ကာ အိမ်အကူ လုပ်ကိုင်သူများ ရှိသော်လည်း အစိုးရအနေဖြင့် အရေးယူ ဆောင်ရွက်ရာတွင် အားနည်းချက်များရှိကြောင်း Future Light Center မှ တာဝန်ခံ ဒေါ်သက်သက်အောင်က ပြောကြားသည်။

“စင်ကာပူကို သွားတယ်ဆိုတာက လေယာဉ်လိုင်းနဲ့ သွားကြတာ။ ပတ်စ်ပို့တွေ ကိုင်ပြီးတော့ သွားကြတာ။ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းတွေကနေလုပ်ပြီး သွားနေတာကို မထိန်းနိုင်ဘူးလား။ နောက်တစ်ခုက အေဂျင်စီတွေက တာဝန်ယူတာဝန်ခံမှုအပြင်ကိုမှ ချိုးဖောက်တဲ့ အေဂျင်စီ၊ ပွဲစားတွေကို အရေးယူရမယ်။ ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့တဲ့အတွက် ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းက သွားနေတယ်။ အခုကျူးလွန်တဲ့အေဂျင်စီတွေကို အရေးယူမှုအပိုင်းမှာ အရမ်းအားနည်းနေတာကို တွေ့ရတယ်။ ပြစ်ဒဏ်တွေ ချမှတ်ပေးဖို့ လိုတယ်။ စင်ကာပူကို လမ်းလျှောက်သွားလို့ မရပါဘူး” ဟု ဒေါ်သက်သက်အောင်က ပြောကြားသည်။

လုပ်သားများ တရားမ၀င် ပို့ဆောင်ခြင်း နှင့် ပတ်သက်ပြီး မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်းက သိရှိထားသည့် ဖြစ်စဉ်များအား ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုင်ကြားခဲ့သော်လည်း အကြောင်းမထူးသည့် ဖြစ်စဉ်များလည်းရှိကြောင်း အဆိုပါအသင်းမှ အမှုဆောင် ဦးဇော်မျိုးမြင့်က ပြောကြားသည်။

“ MOEAF ဆိုတာ အာဏာပိုင်အဖွဲ့ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အရေးယူနိုင်တဲ့ အခွင့်အာဏာ မရှိပါဘူး။ ကျွန်တော်တို့အသင်းဝင် အေဂျင်စီ တော်တော်များများက မပို့စေချင်ကြဘူး။ ဒီအလုပ်ကို ကျွန်တော်တို့ နိုင်ငံရဲ့ယဉ်ကျေးမှုအစဉ်အလာအရ နိမ့်ကျတယ်လို့ ထင်ကြတယ်။ ခုနကပြောသလိုပဲ တရားမ၀င်ကို မမိဘူးလားဆိုတာက ဟိုဘက်ကပို့တဲ့ အချက်အလက်တွေကို ရတယ်။ ရတဲ့အတိုင်းပဲ လူကုန်တားကို ပို့တယ်။ အမှုလည်းဖွင့်ထားတယ်။ ၂၀၁၄ ကတည်းက ဖွင့်ထားတာတွေလည်း ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အမှုတွေက ဘာတွေဆက်ဖြစ်လဲ မသိသလို လူတွေကို မိလား မမိလားဆိုတာလည်း မသိဘူး။ ရောက်လာပြီးရင် လူကုန်ကူးမှု တားဆီးရေးအဖွဲ့မှာ တာဝန်ရှိတယ်။ အဲဒီအဖွဲ့မှာသည် ကျွန်တော်တို့က ပြည်ပကနေရတဲ့ အချက်အလက်တွေကိုရော၊ အသင်းဝင်တွေ ကိုယ်တိုင်ရတဲ့ အချက်အလက်တွေကိုရော လူကုန်တားကို လွှဲပေးလိုက်တယ်။ တရားခံမိခြင်း မမိခြင်းက လူကုန်တားနဲ့ပဲဆိုင် တယ်။ အဖွဲ့နဲ့သက်ဆိုင်တာ မရှိဘူး။ အခုလည်း ရသမျှအချက်အလက်တွေကို ပေးပြီးပြီ။ ဟိုဘက်မှာရှိတဲ့ အဖွဲ့တွေကတောင် ရှာပေးနိုင်တယ်၊ ကူညီနိုင်တယ် ထောက်ပြနိုင်တယ်ဆိုရင် ကိုယ့်ပြည်တွင်းမှာရှိတဲ့ အဖွဲ့တွေက မကူညီနိုင်ဘူးလား” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ဖြစ်စဉ်များတွင် ဖြစ်ပွားပြီးမှသာအရေးယူရန် စီစဉ်မှုများ ရှိခဲ့သော်လည်း ကြိုတင်ကာကွယ်မည့် နည်းလမ်း လုပ်ထုံးလုပ်နည်းများတွင် များစွာအားနည်းကြောင်း The Fifth Pillar  မှ ရှေ့နေ ဦးနေ၀င်းနိုင်က ပြောကြားသည်။

“ဖြစ်ပြီးမှ အရေးယူတာကတစ်ပိုင်းပေါ့။ မဖြစ်ခင် ကြိုတင်ကာကွယ်မှုမှာတော့ သိပ်မရှိသလောက်ပဲ။ ဖြစ်ပြီးတော့မှ အမှုဖြစ်စဉ်တွေကို ပြန်လိုက်တာက တစ်ပိုင်းပေါ့။ အဲဒါထက် ကောင်းမွန်တဲ့ ယန္တရားတစ်ခုရှိအောင် လုပ် ထားတာက အဆင်ပြေနိုင်မယ်”ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် အစိုးရက အိမ်အကူလုပ်သားများကို တရားဝင်ပို့ဆောင်ခွင့်ပြုထားသော်လည်း လူမှုကွန်ရက်စာမျက်နှာများတွင် အလုပ်ခေါ်သည့် ကြော်ငြာစာများကို တွေ့မြင်နေရကြောင်း၊ ထိုသို့ကြော်ငြာကာ အိမ်အကူ လုပ်သားပို့ဆောင်ခြင်းများ ရှိပါက တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်နွယ်ဦးက ပြောကြားသည်။

“အခု လောလောဆယ် Domestic Worker ကိုပိတ်ထားတယ်။ တရားဝင်ပိတ်ထားပေမယ့် လူမှုကွန်ရက်တွေမှာ စင်ကာပူကိုသွားချင်ရင် ဘယ်သူ့ကို ဆက်သွယ်ပါ၊ အဲဒါတွေ တွေ့နေရတယ်။ အဲဒီလိုမျိုး တရားမ၀င် လွှတ်တယ်ဆိုရင်တော့ အရေးယူမယ်။ တရားဝင် စေလွှတ်မယ်ဆိုရင်လည်း လွှတ်တဲ့သူတွေက ဟိုဘက်ကိုလည်း လေ့လာထားပြီးတော့ တရားဝင်စုံစမ်းမေးမြန်းပြီး မျက်ခြည်မပြတ် ဆက်သွယ်ဖို့ လိုအပ်တယ်။ အခုဖြစ်တဲ့ ပြဿနာတွေမှာ ဟိုဘက်က အေဂျင်စီရှိတယ်။ ဒီဘက်က မဖော်ထုတ်ဘူးဆိုပြီး ပြောနေတာတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။

အစိုးရက ထုတ်ပြန်ထားသည့်စာရင်းများအရ ပြည်ပသို့ အလုပ် သွားရောက်လုပ်ကိုင်သူများစာရင်းတွင် စင်ကာပူနိုင်ငံသို့ သွားရောက်သူများမှာ ၂၀၁၇ ခုနှစ် မေလတွင် ခြောက်ဦး၊ ဧပြီလတွင် ၁၈ ဦး၊ မတ်လတွင် ၅၅ ဦး၊ ဖေဖော်ဝါရီလတွင် ၁၈ ဦး၊ ဇန်န၀ါရီလတွင် ကိုးဦးသာရှိသည်ဟု ကြေညာထားသော်လည်း တရားမ၀င်သွားရောက် လုပ်ကိုင်သူများမှာ တစ်ရက်လျှင် ၃၀ မှ ၄၀ အထိ ရှိကြောင်း ပြည်ပအလုပ်အကိုင်ကျွမ်းကျင်သူများနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသူများက သုံးသပ်သည်။

အစိုးရက ထုတ်ပြန်သည့်စာရင်းမှာ မည်သည့်အလုပ်အကိုင်တွင် ၀င်ရောက်လုပ်ကိုင်သည်ကို ထုတ်ဖော်ကြေညာထားခြင်း မရှိပေ။ စင်ကာပူတွင် ခေတ်စားနေသည့် အိမ်အကူလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ခြင်းအား စနစ်တကျ ဆောင်ရွက်ခြင်း၊ အစိုးရအနေဖြင့် ဂရုတစိုက် ဖြေရှင်းနိုင်ခြင်းမရှိပါက မဇင်မာဦးကဲ့သို့  အခက်အခဲများကြုံတွေ့ကာ တိုင်းပြည် ဆင်းရဲမွဲတေမှု၏ သားကောင်များသဖွယ် ဆက်လက်ကြုံတွေ့ ရင်ဆိုင်ခံစားရမည့် အခြေအနေများ ရှိနေဦးမည်ဖြစ်သည်။

 
Writer: 
ဇော်မင်းနိုင်