ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ၏ ကချင်ပြည်နယ် ခရီးစဉ်တွင် စစ်ရှောင်စခန်း သုံးခုသို့ သွားရောက်ခဲ့

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ၀ိုင်းမော်မြို့နယ် မိုင်းနား KBC စစ်ရှောင်စခန်းသို့ ရောက်ရှိလေ့လာစဉ်

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ၏ ကချင်ပြည်နယ် ခရီးစဉ်တွင် စစ်ရှောင်စခန်း သုံးခုသို့ သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

မစ္စ ယန်ဟီးလီသည် မြစ်ကြီးနားမြို့သို့ ဇန်န၀ါရီ ၉ ရက် ညနေပိုင်းက ရောက်ရှိခဲ့ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင့် ဦးဆောင်သော အဖွဲ့နှင့် ဦးစွာ တွေ့ဆုံခဲ့သည်။ ယင်းနောက် ၎င်း၏ ဖားကန့်နှင့် လိုင်ဇာ ခရီးစဉ်များ ဖျက်သိမ်းပြီးနောက် ညနေပိုင်းတွင် မြစ်ကြီးနားမြို့ UNOCHA ရုံး၌ အခြားသော လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မစ္စ ယန်ဟီးလီသည် ဇန်န၀ါရီ ၁၀ ရက်တွင် မြစ်ကြီးနားမြို့ပေါ်ရှိ ဂျာမိုင်ကောင်း စစ်ရှောင်စခန်းနှင့် ၀ိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ KBC စစ်ရှောင်စခန်းနှင့် RC စစ်ရှောင်စခန်းသို့ သွားရောက်ခဲ့ပြီး စစ်ရှောင်သူများ၏ အခြေအနေများ၊ လတ်တလော ဖြစ်ပေါ်ခဲ့သော အကြောင်းများနှင့် အခြေအနေများ မေးမြန်းခဲ့ပြီး ညနေပိုင်းတွင် လေကြောင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

အိမ်ထောင်စု ၄၁၀ စု လူဦးရေ ၂၂၀၀ ကျော်ရှိသည့် မိုင်းနား KBC စစ်ရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးဒေါင်ခေါင်က “ကျွန်တော်တို့ စခန်းမှာ တစ်နာရီကျော် ကြာတယ်။ သူကတော့ သိပ်မမေးပါဘူး။ ပြောတာကို နားထောင်တာ များတယ်။ ခုရက်ပိုင်းမှာ ရောက်လာတဲ့ အင်ဂျန်းယန်မြို့နယ် အောင်ရာရွာနဲ့ တရုတ်နယ်စပ်က ရောက်လာတဲ့ မိသားစုတွေကို တွေ့ပြီး သီးခြားပြောတာလည်း ရှိတယ်။ အဓိကတော့ ကလေးတွေ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးတွေအကြောင်း နည်းနည်းမေးတယ်။ ကျန်ခဲ့တဲ့ လူတွေရဲ့ အခြေအနေကို မေးတယ်။ ဘယ်လို စားတယ်။ ဘယ်လို နေထိုင်တယ်။ အဲဒီ အခြေအနေတွေကို မေးတယ်။ ကျေးရွာဝန်းကျင်မှာ လက်နက်ကြီးတွေ ကျတယ်။ လေယာဉ်လာပစ်တာတွေ ရှိတယ်။ ရှာဖွေစားသောက်ရတာ လုံးဝ မလွယ်တော့လို့ ပြေးလာရတယ် လို့ပြောတယ်။ ပြေးလာတဲ့ ကလေးတွေရဲ့ ပညာရေးကို အဓိကမေးတာ။ ပြေးလာတဲ့ လူတွေကတော့ စစ်ပွဲတွေနဲ့ဆိုင်တဲ့ သူတွေ အားလုံးကို ငြိမ်းချမ်းဖို့ အကြောင်းသာ ပြောပေးပါလို့ ပြောတာတွေ ရှိတယ်။ ကျန်တာကို ထူးထူးထွေထွေ ဆွေးနွေးတာ မရှိပါဘူး။ စစ်ရှောင်တွေရဲ့ ပြောစကားတွေကို နားထောင်သွားတာပါပဲ” ဟု ပြောကြားသည်။

မစ္စ ယန်ဟီးလီသည် ပထမအကြိမ်အဖြစ် ကချင်ပြည်နယ်သို့ ၂၀၁၄ ခုနှစ် ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် မြစ်ကြီးနား၊ ဗန်းမော်ရှိ ဒုက္ခသည်စခန်းများ၊ အကျဉ်းထောင်များသို့ သွားရောက်ခဲ့ပြီး မိုးကြီး၊ တောင်ပြိုမှုများနှင့် ကြုံတွေ့ရသဖြင့် ခရီးစဉ် နှောင့်နှေးမှုများ ဖြစ်ခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ၂၀၁၆ ခုနှစ် ဇွန် ၂၄ ရက်တွင် ရောက်ရှိလာပြီး မြစ်ကြီးနား အကျဉ်းထောင်၊ ဇီးလွန်ရပ်ကွက် ကချင်နှစ်ခြင်း အသင်းတော် ဒုက္ခသည်စခန်း၊ ဂျာမိုင်ကောင်း ကက်သလစ် ဒုက္ခသည် စခန်းတို့ကို သွားရောက်ကြည့်ရှုခဲ့ပြီး ကချင်လူမှုအဖွဲ့အစည်း အချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။