နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ညှိနှိုင်းရန် NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ဆွေးနွေး

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ဝင်သုံးဦးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မတီဝင်တစ်ဦးတို့ ဖမ်းဆီး ထိန်းသိမ်းခံထားရသည်နှင့် ပတ်သက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား တာဝန်ယူထားသည့် အကြီးအကဲများဖြစ်ကြသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံညှိနှိုင်းရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း ပအိုဝ်းလက်နက်ကိုင်အဖွဲ့ (PNLO)နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဇန်န၀ါရီ ၁၁ ရက်တွင် ပြောကြားသည်။

လော်ခီးလာဒေသရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ်တွင် ဇန်န၀ါရီ ၁၀ ရက်မှ ၁၁ ရက်အထိ ပြုလုပ်ခဲ့သည့် PPST အရေးပေါ် အစည်းအဝေးအပြီး ဆက်သွယ်မေးမြန်းမှုအပေါ်တွင် ၎င်းက ထိုသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အရေးပေါ်အစည်းအဝေးတွင် ABSDF နှင့် ALP ကိစ္စများနှင့် ပတ်သက်၍ ညှိနှိုင်းအဖြေရှာရမည့် နည်းလမ်းများ ဆွေးနွေးခဲ့ပြီး ၂၀၁၇ ခုနှစ် တစ်နှစ်တာကာလအတွက် ရှေ့လုပ်ငန်းစဉ်များ၊ လက်ရှိ လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ALP နှင့် ABSDF လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့တို့၏ ကိစ္စများနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးခွန်ဥက္ကာက “အဓိက ကတော့ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တာဝန်ယူထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လို အကြီးအကဲပေါ့။ နောက်ပြီးတော့ တပ်မတော်အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ်လို အကြီးအကဲ ဒီပုဂ္ဂိုလ်တွေနဲ့ ကျွန်တော်တို့ လက်မှတ်ထိုး ရှစ်ဖွဲ့ ဒီ PPST အကြီးအကဲပေါ့ဗျာ။ ဒီအကြီးအကဲတွေ တွေ့ဆုံပြီးတော့ ညှိနှိုင်းအဖြေရှာတာက အကောင်းဆုံးပဲလို့ ကျွန်တော်တို့ အဲဒီ လို သုံးသပ်ထားပါတယ်”ဟု ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) ဗဟိုကော်မတီဝင်နှင့် မြောက်ပိုင်းကော်မတီဝင် ရဲဘော်မင်းဌေးသည် မကဒတ က ပြင်ဆင်ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေးဆိုင်ရာ အစည်းအဝေးပွဲကို တက်ရောက်ခဲ့ပြီးနောက် သက်ဆိုင်ရာ မကဒတ (မြောက်ပိုင်း) ခေါင်းဆောင်များထံ ဆွေးနွေးပွဲရလဒ်များအား မိတ်ဆက်ပေးရန် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် လိုင်ဇာသို့အပြန် ဗန်းမော်မှ လွယ်ဂျယ်သို့အသွား စိန်လုံးပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမေးမြန်းခံခဲ့ရပြီး ထိန်းသိမ်းခြင်း ခံနေရကြောင်း ABSDF ၏ ဇန်န၀ါရီ ၇ ရက် ရက်စွဲပါ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ကရင်ပြည်နယ် ဘားအံမြို့ရှိ လှိုင်းဘွဲ့-ဘားအံမြို့အ၀င်ဂိတ်တွင် လုံခြုံရေး ပူးပေါင်းအဖွဲ့များက မော်တော်ယာဉ်များအား ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်စဉ် ဒီဇင်ဘာ ၉ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် လှိုင်းဘွဲ့မှ ဘားအံဘက်သို့ ယာဉ်မောင်းသန်းနိုင် (ခ) ချစ်ကောင်း မောင်းနှင်ပြီး ALP ပါတီမှ ဗိုလ်မှူးကြီးအဆင့်ဟုဆိုသည့် ခိုင်မိုးချမ်း (ခ) မောင်သာမြင့်၊ ALP ပါတီမှ စီးပွားရေးတာ ၀န်ခံဟုဆိုသူ ခိုင်သိန်းဦးတို့ လိုက်ပါလာသည့် ယာဉ်အမှတ် YGN 2G/..... ပါဂျဲရိုး အမျိုးအစား ခဲရောင်မော်တော်ယာဉ်အား စစ်ဆေးစဉ် ယာဉ်ပေါ်မှ AK-47 (ခေါက်ဒင်) ၁၅ လက်၊ AK-47 (ဒင်ရှည်) လေးလက်၊ ၎င်းကျည်အိမ်၏ အတိုအရှည် ၁၉ ခု၊ ၎င်းကျည် အတောင့် ၃၀၀ နှင့် ငွေကျပ်သိန်း ၆၀ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

“တရားဥပဒေစိုးမိုးရေးအရ လည်းကောင်း၊ လွတ်လပ်သော တရားစီရင်ရေးအရ လည်းကောင်း ရဲအရေးယူပိုင်တဲ့ အမှုတွေဖြစ်ပြီးတော့ တရားရုံးကို အမှုဖွင့်ထားပြီးသားဖြစ်ရင် ကျွန်တော်တို့ ဘယ်နည်းလမ်းနဲ့မဆို ၀င်ရောက်စွက်ဖက်ဖို့ အင်မတန် ခက်ပါတယ်။ကျွန်တော်တို့အနေနဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ကို လက်ခံတယ်ဆိုရင်တော့ နည်းနည်း အခက်အခဲရှိပါတယ်။ သို့သော်လည်းပဲ ဒီလိုအမှုအခင်းမျိုး နောက်နောင် မပေါ်ပေါက်အောင် နည်းလမ်းရှာဖို့ ညှိနှိုင်းအဖြေရှာဖို့ဆိုတဲ့ ပိုမိုကျယ်ပြန့်တဲ့ ချဉ်းကပ်မှုမျိုးကို ကျွန်တော်တို့လုပ်ဖို့ စဉ်းစားကြပါတယ်။ဘာပဲပြောပြော ဒါက အသေးအဖွဲ ပွတ်တိုက်မှုလေးတွေ ဖြစ်သော်လည်းပဲ ရေရှည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်တဲ့နေရာမှာ ခဏခဏ ထပ်မံဖြစ်ပွားဖို့တော့ မသင့်တော်ဘူးပေါ့။ အဲဒီအထဲမှာ ကျွန်တော်တို့ကတော့ စုပေါင်းညှိနှိုင်းအဖြေရှာတဲ့နည်းကို ကျွန်တော်တို့က စဉ်းစားကြပါတယ်။ အဲဒါကိုလည်း အမြန်ဆုံး အကောင်အထည် ဖော်သွားကြမှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် မည်သည့်ကိစ္စကိုမဆို ဆောင်ရွက်ရာတွင် NCA အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထိအခိုက်ခံမည် မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြီးမြောက်အောင်မြင်သည်အထိ အကောင်အထည်ဖော်မည်ဆိုသည့် သန္နိဋ္ဌာန်ကို ဆက်လက်ချမှတ်ကာ ပြည်သူများထံသို့ စစ်မှန်သည့် ငြိမ်းချမ်းရေးအပ်နှင်းနိုင်ရန် ကြိုးပမ်းသွားမည်ဟု ၎င်းကဆိုသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊  မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ DKBA အဖွဲ့နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ဖြစ်သည်။

PPST အရေးပေါ်အစည်းအဝေးသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့အနက် ချင်းအမျိုးသားတပ်ဦး (CNF) မှလွဲ၍ ကျန်ခုနစ်ဖွဲ့ တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ ခုနစ်ဖွဲ့တွင် လေးဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်ပြီး ကျန်သုံးဖွဲ့မှာမူ ထိပ်သီးခေါင်းဆောင်များ တက်ရောက်နိုင်ခြင်း မရှိသဖြင့် ကိုယ်စားလှယ်များသာ တက်ရောက်ခဲ့ကြောင်း သိရသည်။                      

Writer: 
ဝီရမိုးနေ