မြန်မာနိုင်ငံ တောင်ပိုင်းသည် လုံးဝငြိမ်းချမ်းသည့်ဒေသ ဖြစ်လာစေရေးအတွက် မွန်ပြည်သစ်ပါတီ အနေဖြင့် NCA စာချုပ်တွင် လက်မှတ်ရေးထိုးပေးနိုင်ရေး မေတ္တာရပ်ခံခဲ့ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား

မြန်မာနိုင်ငံ တောင်ပိုင်းသည် လုံးဝငြိမ်းချမ်းသည့်ဒေသ ဖြစ်လာစေရေးအတွက် မွန်ပြည်သစ်ပါတီ အနေဖြင့် NCA စာချုပ်တွင် လက်မှတ်ရေးထိုးပေးနိုင်ရေး မေတ္တာရပ်ခံခဲ့ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား
Published 7 January 2018

မြန်မာနိုင်ငံ တောင်ပိုင်းသည် လုံးဝငြိမ်းချမ်းသည့်ဒေသ ဖြစ်လာစေရေးအတွက် မွန်ပြည်သစ်ပါတီအနေဖြင့် NCA စာချုပ်တွင် လက်မှတ်ရေးထိုးပေးနိုင်ရေး မေတ္တာရပ်ခံခဲ့သည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဇန်နဝါရီ ၄ ရက်က မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ပြုလုပ်ခဲ့သည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများမှ ဆုရသူများအား ဆုပေးပွဲအခမ်းအနား အပြီးတွင် သတင်းမီဒီယာသမားများကို ပြောကြားသည်။

“ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်က ရေးမြို့နယ် ကျိုက်ဒေတမော့ဗရတ် သာသနာပြုဌာန (ဦးဇင်းလေးကျောင်းတိုက်) ဆရာတော်နဲ့ ရော မွန်ပြည်သစ်က ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံတယ်။ အဲဒီတွေ့ဆုံပွဲမှာ သဘောတူညီမှု နှစ်ချက် ရရှိခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ NCA စာချုပ်မှာ လက်မှတ်ထိုးဖို့ သူတို့ သဘောတူညီကြတယ် ဆိုတာကို သိရတယ်။ ဘယ်လို လက်မှတ်ရေးထိုးဖို့ အစီအစဉ်တွေရှိလဲ မေးတော့ မွန်ပြည်သစ် အနေနဲ့ကလည်း UNFC  နဲ့တွေ့ပြီးတော့မှ လက်မှတ်ထိုးမယ်ပေါ့။ နောက်တစ်ချက်က UNFC မှာပါတဲ့ NCA စာချုပ်မှာ လက်မှတ်ထိုးဖို့ တိုက်တွန်းသွားမယ် ပြောတယ်။ မွန်ပြည်သစ်ပါတီ အနေနဲ့မြန်မာပြည်တောင်ပိုင်းဖြစ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွေမှာ လုံးဝငြိမ်းချမ်းတဲ့ ဒေသတစ်ခု ပေါ်ပေါက်လာရေးအတွက်ကို NCA စာချုပ်မှာ လက်မှတ်ထိုးပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်”ဟု ဒေါက်တာအေးဇံက ပြောကြားသည်။

၎င်းက “ဒီဇင်ဘာ ၂၈ ရက်က မွန်ပြည်သစ်ပါတီရဲ့ ထားဝယ်ခရိုင် ဝယ်ဇင်စခန်းမှာ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌကြီး နိုင်ထောမွန်နဲ့ တွေ့တယ်။ တွေ့ဆုံတဲ့အခါမှာ မွန်ပြည်သစ်အနေနဲ့ UNFC ကို တစ်ချက်လောက် ပြောကြည့်မယ်ပေါ့နော်။ အဲဒီလိုပြောပါတယ်။ မွန်ပြည်သစ်ပါတီအနေနဲ့NCA စာချုပ်မှာ လက်မှတ်ရေးထိုးပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲက အစပြုပြီး ထာဝရငြိမ်းချမ်းရေးကို ရောက်အောင်၊ နောက်ပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု ရအောင်၊ မွန်ပြည်သစ်ပါတီရဲ့ တစ်တပ်တစ် အား ပါဝင်ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီ အနေနဲ့လည်း NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ရည်ရွယ်ထားတယ် ဆိုတဲ့အကြောင်း ကျွန်တော်တို့သိရတဲ့အတွက်ကြောင့်လည်း ဒါဟာ အထူးအောင်မြင်မှု တစ်ခုလို့ ပြောလို့ရမှာပါ”ဟု ဆက်လက်ပြောကြားသည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေး ၂/၂၀၁၇ ကို ဗဟိုဌာနချုပ်၌ ဒီဇင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း၊ အစည်းအဝေးတွင် အဓိကအားဖြင့် ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးဖြစ်စဉ်နှင့် ငြိမ်းချမ်းရေး အလားအလာကို အပြန်အလှန် ဆွေးနွေးသုံးသပ်ကြပြီး အတူတကွ NCA လက်မှတ်ရေးထိုးနိုင်ရန်အတွက် နည်းလမ်းရှာဖွေ ဆွေးနွေးခဲ့ကြောင်း နှင့်  စီစဉ်ဆောင်ရွက်စရာ ရှိသည်များ ပြီးစီးပါက လက်မှတ်ရေးထိုးသွားနိုင်မည် ဖြစ်ကြောင်း မွန်ပြည်သစ်သတင်းစဉ် Facebook လူမှုကွန်ရက် စာမျက်နှာတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က ဖော်ပြထားသည်။
ထို့ပြင် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန် အပါအဝင် မွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ် လယီကောင်း၊ မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ကျော့ရဲ့၊ ထားဝယ်ခရိုင်ဥက္ကဋ္ဌ၊ ထားဝယ်ခရိုင် အတွင်းရေးမှူးတို့ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဦးဆောင်သော ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ရေးမြို့နယ် ဝယ်ဇင်ကျေးရွာရှိ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် ဌာနချုပ် ဝယ်ဇင်စခန်းတွင် လည်းကောင်း၊  ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက ရေးမြို့နယ် တူးမြောင်းကျေးရွာရှိ ကျိုက်ဒေတမော့ဗရတ် သာသနာပြုဌာန (ဦးဇင်းလေးကျောင်းတိုက်) တွင် ငြိမ်းချမ်းရေးကော်မရှင်မှ ဦးခင်ဇော်ဦး၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့ဝင်များနှင့်လည်းကောင်း တွေ့ဆုံခဲ့ပြီး NCA လက်မှတ် ရေးထိုးရေးကိစ္စ အပါအဝင် ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများ ဆွေးနွေးခဲ့သည်။

မွန်ပြည်သစ်ပါတီသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိပြီး UNFC ဥက္ကဋ္ဌမှာလည်း မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာပင်ဖြစ်ကာ UNFC အဖွဲ့ဝင်များ NCA တွင် ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။

Most Recent