အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရေးနှင့် အဖွဲ့ဝင်တိုးချဲ့ရေးကိစ္စရပ်များ အဓိကဆွေးနွေးရန် UPDJC အစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြုလုပ်မည်

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရေးနှင့် အဖွဲ့ဝင်တိုးချဲ့ရေးကိစ္စရပ်များ အဓိကဆွေးနွေးရန် UPDJC အစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြုလုပ်မည်
Published 22 February 2018

(၁၃) ကြိမ်မြောက် UPDJC အစည်းအဝေးကို နေပြည်တော်တွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က ပြုလုပ်စဉ်

(၁၄) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ ရက်တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးတွင် UPDJC အဖွဲ့ဝင်တိုးချဲ့ရေးနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးတို့ကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားသည်။

UPDJC ကို အစိုးရ (အစိုးရ၊ လွှတ်တော်၊ တပ်မတော်) ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တရားဝင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များဖြင့် အချိုးတူပါဝင်ဖွဲ့စည်းသည်ဟူ၍ NCA စာချုပ်တွင် ဖော်ပြထားသည်။

သို့ဖြစ်၍ ဖေဖော်ဝါရီ ၁၃ ရက်က NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့မှ ကိုယ်စားလှယ်များလည်း NCA စာချုပ်ပြဋ္ဌာန်းချက်အရ UPDJC တွင် ပါဝင်ရမည်ဖြစ်သည်။

“အထူးအားဖြင့် NCA လက်မှတ်ရေးထိုးတဲ့အတွက် နိုင်ငံရေးဆွေးနွေးမှုတွေ ဆောင်ရွက်တဲ့အခါမှာ နှစ်ဖွဲ့ပါဝင်ဆောင်ရွက်ရမယ့် အဆင့်ဆင့်ပေါ့လေ။ NCA ပြဋ္ဌာန်းချက်အရ ပါဝင်ဆောင်ရွက်မှုတွေ ဘယ်အဆင့်မှာ ဘယ်လိုပါဝင်ကြမလဲ။ ဘယ်သူတွေပါဝင်ကြမလဲ စသဖြင့် အဲဒါတွေ ဆွေးနွေးညှိနှိုင်းရမှာလည်း ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အဓိကအချက်အနေနဲ့ ကျွန်တော်တို့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးaဆွးနွေးပွဲတွေပေါ့။ အဓိကက ကျွန်တော်တို့ NCA လက်မှတ်ရေးထိုးတာက နိုင်ငံရေးဆွေးနွေးချင်လို့။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့အဲဒီကိစ္စတွေကို အထူးအလေးပေးပြီး ဆွေးနွေးမှာဖြစ်ပါတယ်” ဟု UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ခွန်မြင့်ထွန်းက ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေး ကျင်းပရေးနှင့်ပတ်သက်သည့် ကိစ္စများကိုလည်း အစည်းအဝေးတွင် ဆွေးနွေးရန်ရှိကြောင်း ခွန်မြင့်ထွန်းက ပြောကြားသည်။

NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးမှသာ ဆက်လက်ပြုလုပ်မည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

ယခင် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့အနက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှာ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအား ကျင်းပခွင့်မရရှိသေးဘဲ အစိုးရဘက်ကမူ ရခိုင်ပြည်နယ်၏ လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် ခွင့်မပြုခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့အတူ NCA ရေးထိုးပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) သည် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရှိထားသော်လည်း အဆိုပါဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲများကျင်းပရာတွင် တားမြစ်မှုများခံရသဖြင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ပြုလုပ်ခြင်းမရှိဘဲ ယာယီရွှေ့ဆိုင်းထားသည်။

အလားတူ NCA ရေးထိုးထားသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့က ကရင်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ တစ်ကြိမ်ပြုလုပ်ထားပြီး ထပ်မံပြုလုပ်ရန် ကရင်ပြည်နယ်ပြင်ပရှိ ကရင်တိုင်းရင်းသားများနေထိုင်ရာ ဒေသများတွင် အကြိုလူထုတွေ့ဆုံပွဲပြုလုပ်ရန် ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မရရှိကြောင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွင်ပါဝင်သည့် ကရင်အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူအချို့၏ ပြောကြားချက်အရ သိရသည်။