မြန်မာနိုင်ငံတွင် ရိုဟင်ဂျာအမည်ဖြင့် တိုင်းရင်းသားမရှိကြောင်း ကမ္ဘာသိ တရားဝင်ထုတ်ပြန်ရေးနှင့် အကြမ်းဖက် ကျူးလွန်ခဲ့သူများအား အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူရန် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၀ ထုတ်ပြန်

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာအမည်ဖြင့် တိုင်းရင်းသားမရှိကြောင်း ကမ္ဘာသိ တရားဝင်ထုတ်ပြန်ရေးနှင့် အကြမ်းဖက် ကျူးလွန်ခဲ့သူများအား အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူရန် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၀ ထုတ်ပြန်
Published 15 August 2017

ပြည်သူလူထု၏ လိုလားချက်ဖြစ်သော မြန်မာနိုင်ငံတွင် ရိုဟင်ဂျာအမည်ဖြင့် တိုင်းရင်းသားမရှိကြောင်း ကမ္ဘာသိ တရားဝင်ထုတ်ပြန်ရေးနှင့် အကြမ်းဖက်ကျူးလွန်ခဲ့သူများအား အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၀ က သြဂုတ် ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

ရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို သြဂုတ် ၁၄ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး အဆိုပါသဘောထားကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ပြည်သူလူထု၏ လိုလားချက်ဖြစ်သော မြန်မာနိုင်ငံတွင် ရိုဟင်ဂျာအမည်ဖြင့် တိုင်းရင်းသားမရှိကြောင်း ကမ္ဘာသိ တရားဝင်ထုတ်ပြန်ပေးရန်၊ လတ်တလော လိုအပ်နေသည့် ထိရောက်လုံလောက်သော ဒေသလုံခြုံရေးစနစ်အား အမြန်ဆောင်ရွက်ပေးရေး၊ မြေပြင်တွင် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေရသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်၊ ရဲတပ်ဖွဲ့အပါအဝင် လုံခြုံရေးအဖွဲ့အစည်းများအား ဥပဒေအရ အကာအကွယ် အာမခံချက်ပေးနိုင်အောင် ဆောင်ရွက်ပေးရန်၊ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများနှင့် အဖွဲ့အစည်းများအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူပေးရန် တောင်းဆိုထားသည်။

ယင်းတောင်းဆိုချက်များအပြင် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုး အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ ဒေသခံတိုင်းရင်းသားများ၏ အကျိုးငှာ လွှတ်တော်ရေးရာကဏ္ဍမှလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အရေးကိစ္စများနှင့် ပတ်သက်၍ အချိန်မီဆောင်ရွက်နိုင်ခြေ ရှိပါလျက်နှင့် မဆောင်ရွက်နိုင်ခဲ့မှုကြောင့် နိုင်ငံနှင့် ပြည်သူအတွက် ဖြစ်ပေါ်လာမည့် အကျိုးဆက်များမှာ အစိုးရ၌သာ တာဝန်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားကာ ဒေသခံတိုင်းရင်းသားများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် အခြေအနေများမှာ တစ်စထက်တစ်စ ပိုမိုဆိုးရွားလျက်ရှိကြောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် မောင်တောဒေသ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း ဌာနချုပ်နှင့် လုံခြုံရေးစခန်းနှစ်ခုအား ဒေသတွင်း ဘင်္ဂါလီအကြမ်းဖက်သမားများက ပြည်ပအကြမ်းဖက်အုပ်စုများ၏ လက်နက်၊ ငွေကြေး၊ လေ့ကျင့်ရေးနှင့် စစ်နည်းဗျူဟာ အကူအညီများရယူ၍ နိုင်ငံဖြတ်ကျော် ဂိုဏ်းဖွဲ့ကျူးလွန်မှုအဖြစ် အလစ်အငိုက်ရယူ စီးနင်းတိုက်ခိုက် သတ်ဖြတ်ခဲ့သည်မှစတင်ခဲ့ကာ ဤဖြစ်စဉ်သည် ယခင်ကဲ့သို့ ဒေသခံတိုင်းရင်းသားများနှင့် ဘင်္ဂါလီတို့၏ နိုင်ငံရေးရည်မှန်းချက်အား စစ်ရေးနည်းဖြင့် ပြောင်းလဲဆောင်ရွက်လာခြင်းဖြစ်ကာ ပိုမိုပြင်းထန်ရှုပ်ထွေးလာကြောင်း တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ဖြစ်လာနိုင်မည့် အလားအလာများအား ကြိုတင်သုံးသပ်မိသည်ဖြစ်၍ ကျူးလွန်ခဲ့သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်အညီ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပေးပါရန် ပြည်သူ့လွှတ်တော်တွင် အဆိုပြုတင်ပြခဲ့သော်လည်း ကန့်ကွက်မဲ ၂၄၄ မဲဖြင့် ပယ်ချခံခဲ့ရကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုမရှိကြောင်း လွှတ်တော်တွင် တရားဝင်ပြောကြားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ တင်ပြလာသည့်အဆိုများ၊ မေးခွန်းများတွင် ‘အကြမ်းဖက်’ ဟူသောအသုံးအနှုန်းပါရှိက တင်ပြ၊ မေးမြန်းခွင့်မပြုဘဲ ပြင်ဆင်စေလေ့ရှိကြောင်း၊ ၂၀၁၇ ခုနှစ် ဇွန် ၃၁ ရက်တွင် လက်ရှိထက်ပိုမိုပြည့်စုံသည့် လုံခြုံရေးအကာအကွယ် အစီအမံများ ဆောင်ရွက်ပေးပါရန် ရခိုင်ဒေသခံပြည်သူများဘက်မှ ပြည်နယ်လွှတ်တော်တွင် တင်ပြခဲ့သော်လည်း ပြည်နယ်အစိုးရက မှတ်တမ်းအဖြစ်သာထားရှိရန် ဖြေကြားခဲ့သဖြင့် ထပ်မံမဲခွဲဆုံးဖြတ်ရသည့် အခြေအနေသို့ ဝင်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် ၂၀၁၇ ခုနှစ် ဇူလိုင် ၆ ရက်တွင် နိုင်ငံရေးပါတီ ၁၄ ပါတီမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တရားဝင်ဆောင်ရွက်မှုအပေါ် ဥပဒေအရ အာမခံချက်ပေးပါရန်နှင့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား တည်ဆဲအကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ တိကျပြတ်သားစွာ အရေးယူဆောင်ရွက်ပေးရန် အစိုးရကို တိုက်တွန်းခဲ့သော်လည်း ယနေ့တိုင် တိုးတက်မှု မတွေ့ရှိရသေးကြောင်းနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကို အသုံးမပြုဘဲ သာမန်ရာဇဝတ်မှုဖြင့်သာ အရေးယူခြင်းကြောင့် အကျိုးဆက်များဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ မေယုတောင်တန်းတွင် အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်လာခြင်း၊ မြိုတိုင်းရင်းသားများ သတ်ဖြတ်ခံရသည့် အခြေအနေများကို ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အတူ ပြည်သူ့ကိုယ်စားလှယ်များ၏ တရားနည်းလမ်းတကျ တင်ပြချက်များကို ပိတ်ပင်ပြင်ဆင်စေခြင်း၊ အန္တရာယ်ကျရောက်နေသောဒေသကို လုံလောက်စွာ အကာအကွယ်ပေးရန် ပျက်ကွက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့များ၏ စွမ်းဆောင်ရည်ကို ထိန်းချုပ်ကန့်သတ်ရာရောက်သည့် ပျက်ကွက်မှုများကို ကျူးလွန်ခြင်းများကြောင့် ပြည်ထောင်စု၏ ပိုင်နက်နယ်မြေ ဆုံးရှုံးခြင်း၊ ပြည်ထောင်စုနှင့် ပြည်ထောင်စုအစိုးရအပေါ် ပြည်ထောင်စုဝင် တိုင်းရင်းသားများက ယုံကြည်မှုပျက်ပြားခြင်းတို့ ဖြစ်ပေါ်စေနိုင်ကြောင်း၊ လူတစ်စု၏ ပျက်ကွက်မှုကို ပြည်ထောင်စု၏ ပျက်ကွက်မှုအဖြစ် ပြည်ထောင်စုဝင် တိုင်းရင်းသားများက ယူဆခဲ့ပါက ပြည်ထောင်စု နိုင်ငံတော်ကြီးနှင့် တိုင်းရင်းသားအားလုံး၏ အနာဂတ်အတွက် ကြီးစွာသော ဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်စေနိုင်သဖြင့် သက်ဆိုင်သူအားလုံးက ပညာဉာဏ်နှင့် စိတ်ရင်းစေတနာကောင်းများ ထားရှိဆောင်ရွက်ကြရန် အထူးလိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

Writer - ကျော်ဇင်ဝင်း

Most Read

Most Recent