ရခိုင်ပြည်နယ်အရေးတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပြီး အကြမ်းဖက်မှု တားဆီးကာကွယ်ရေးကို ပူးပေါင်းဆောင်ရွက်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ် ပြောကြား

ရခိုင်ပြည်နယ်အရေးတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပြီး အကြမ်းဖက်မှု တားဆီးကာကွယ်ရေးကို ပူးပေါင်းဆောင်ရွက်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ် ပြောကြား
Published 15 August 2017

ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပြီး အကြမ်းဖက်မှုကိစ္စရပ်များ တားဆီးကာကွယ်ရေးကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်က ပြောကြားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Jukar Boon-Long အား သြဂုတ် ၁၄ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ လက်ခံတွေ့ဆုံစဉ် သံအမတ်ကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ နယ်စပ်အရေးများအပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရခိုင်ဒေသ အရေးကိစ္စများနှင့် ပတ်သက်၍ လိုအပ်ချက်အရ လုံခြုံရေး တိုးမြှင့်လုပ်ဆောင်နေမှု အခြေအနေများ၊ ဒေသခံတိုင်းရင်းသားများက ဘင်္ဂါလီများနှင့် UN အပါအဝင် NGO/INGO အဖွဲ့အစည်းများအား လက်မခံသည့်အတွက် ဆန္ဒပြနေမှုများ၊ ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး အကြမ်းဖက်မှုကိစ္စရပ်များ ဆက်စပ်လုပ်ဆောင်နိုင်သည့် အခြေအနေများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းပြောကြားသည်။

ဧည့်သည်တော် သံအမတ်ကြီးက ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ထောက်ခံရပ်တည်ကြောင်း၊ အကြမ်းဖက်မှုကိစ္စရပ်များ တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ ရခိုင်ဒေသအတွက် ယခင်က လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုဦးစားပေး လုပ်ဆောင်နေကြောင်း ပြန်လည်ဆွေးနွေးရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရခိုင်ဒေသတွင် အချို့သော လူသားချင်း စာနာထောက်ထားမှု အကူအညီများသည် အခြားမသက်ဆိုင်သူများ၊ အကြမ်းဖက် အဖွဲ့အစည်းများထံ ရောက်ရှိသွားကြောင်း စိစစ်တွေ့ရှိရသဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီလုပ်ဆောင်ပေးခြင်းက ပိုမိုကောင်းမွန်ပြီး အကျိုးရှိကြောင်း မှတ်ချက်ပြုဆွေးနွေးသည်။

Writer - ဆန်းထူးအောင်

Most Read

Most Recent