အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဟောင်း ဦးကြည်မောင် ကွယ်လွန်ခြင်း (၁၃) နှစ်ပြည့် အထိမ်းအမှတ် သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဟောင်း ဦးကြည်မောင် ကွယ်လွန်ခြင်း (၁၃) နှစ်ပြည့် အထိမ်းအမှတ် သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်း
Published 20 August 2017

သြဂုတ် ၁၉ ရက်က ခြောက်ထပ်ကြီးဘုရားကြီး ကျောင်းတိုက်ရှိ သာသနာ့ဂုဏ်ရည်ကျောင်းတွင် ဦးကြည်မောင် ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့် အထိမ်းအမှတ် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌဟောင်း ဦးကြည်မောင် ကွယ်လွန်ခြင်း (၁၃) နှစ်ပြည့် အထိမ်းအမှတ် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ရန်ကုန်မြို့၊ ခြောက်ထပ်ကြီး ဘုရားကြီးကျောင်းတိုက်ရှိ သာသနာ့ဂုဏ်ရည်ကျောင်းတွင် သြဂုတ် ၁၉ ရက်က ဦးကြည်မောင်၏ မိသားစုနှင့် တပည့်များက ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်၊ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်အချို့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ဦးကြည်မောင်၏ တပည့်သားသမီးများ တက်ရောက်ခဲ့ကြသည်။

“NLD ပါတီထဲမှာတုန်းက ဒုတိယဥက္ကဋ္ဌ ဦးကြည်မောင်က ကျွန်တော်တို့ရဲ့ခေါင်းဆောင် ဖြစ်တယ်။ နောက်တော့ ဦးကြည်မောင်ဆီမှာ ကျွန်တော်တို့က စာသင်တဲ့အခါမှာ ဦးကြည်မောင်က ကျွန်တော်တို့ရဲ့ဆရာ ဖြစ်လာတယ်။ ဆရာဖြစ်ပြီး နှစ်ပေါင်းများစွာ စာသင်တဲ့ အခါကျတော့ ကျွန်တော်တို့ရဲ့ မိဘလိုပဲ ဖြစ်လာတာပေါ့နော်။ ဦးကြည်မောင်က ကျွန်တော်တို့ကို သင်ပေးခဲ့တာတွေကတော့ အများကြီးပဲ။ နိုင်ငံရေးတွေကော၊ ဂီတတွေကော၊ စာပေတွေရော မျိုးစုံပေါ့။ သို့သော် သူသင်ပေးတာ မဟုတ်ဘဲနဲ့ သူ့ဆီက ကျွန်တော်တို့ တစ်ခုရလိုက်တာ ရှိတယ်။ အဲဒါကတော့ လောကဓံနဲ့ အတူနေထိုင်နည်း။ သူဟာ သူ့ရဲ့ ဘဝတစ်လျှောက်မှာ သူမှန်တယ်ထင်တဲ့အတိုင်း ရပ်တည်ဖို့ လောကဓံတွေကို ကြုံခဲ့တယ်။ အဲဒီလို ကြုံခဲ့တဲ့အခါမှာ သူဟာ တည်တည်ငြိမ်ငြိမ်နဲ့ သူရင်ဆိုင်ခဲ့တယ်။ ဒါကြောင့်မို့လို့ သူသင်ပေးတာထက်ကို ကျွန်တော်တို့ ရလိုက်တာက ဒီလောကဓံနဲ့ နေထိုင်နည်း။ ဒါဟာ ကျွန်တော်တို့ ဘဝအတွက် အဖိုးမဖြတ်နိုင်ဘူး။ ဒါကြောင့်မို့လည်း ဦးကြည်မောင်ကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့တွေကို ဦးကြည်မောင်ရဲ့ ကျေးဇူးဆပ်တဲ့အနေနဲ့ နှစ်စဉ်ကျင်းပတာ ဖြစ်ပါတယ်” ဟု ဦးကြည်မောင်၏ တပည့်တစ်ဦးဖြစ်သူ ဦးတင်မောင်ဦးက ပြောကြားသည်။

ဦးကြည်မောင်သည် ၁၉၃၈ ခုနှစ် တက္ကသိုလ်ကျောင်းသားဘဝတွင် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့သည့် ကျောင်းသားသပိတ်တွင် ဗိုလ်အောင်ကျော်နှင့်အတူ သပိတ်တပ်ဦးတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး ၁၉၄၁ ခုနှစ်တွင် ဘီအိုင်အေတပ်သို့ ဝင်ရောက်ခဲ့ပြီး ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်း ပထမပတ်သို့ တက်ရောက်ခဲ့ကာ တပ်မတော်တွင် အဆင့်ဆင့် ရာထူးများ ရရှိခဲ့ကာ ၁၉၆၃ ခုနှစ် ဖေဖော်ဝါရီတွင် တပ်မတော်မှ အနားယူခဲ့ပြီး တော်လှန်ရေးကောင်စီ အစိုးရနှင့် မဆလအစိုးရလက်ထက်၌ နှစ်ကြိမ်တိုင်တိုင် ဖမ်းဆီးထောင်ချခံခဲ့ရသည်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က “အန်ကယ် ဦးကြည်မောင်ကို အမှတ်ရတာကတော့ ၂၀၀၂၊ ၂၀၀၃ လောက်က အန်ကယ်နဲ့သူနဲ့က တစ်ပတ်ကိုတစ်ခါ အနည်းဆုံးတွေ့တယ်။ တွေ့တဲ့အခါမှာ ဘာဖြစ်လဲဆိုတော့ သူက ဒီပဲယင်းအရေးအခင်း အပြီးလေးမှာပဲ သူ့ရဲ့ စာမူလေးနှစ်ခုကို အန်ကယ်တို့က တိတ်တိတ်ရိုက်ပေးရတာပေါ့။ အဲဒီအချိန်တုန်းက တော်တော်ကြီးကို တင်းကျပ်နေတဲ့ အချိန်ကိုး။ အဲဒီစာတမ်းနှစ်ခုက တစ်လောတုန်းက ဆရာကိုတာတို့ မုံရွေးက ထွက်လာတယ်။ အဲဒီစာတမ်းလေးတွေပါ။ အဲဒီလေးတွေက အမှတ်တရပေါ့။ သမိုင်းမှာ သူဟာ အဲဒီတုန်းကပါတဲ့သူ အန်ကယ်ကြားဖူးတာ။ ဗိုလ်အောင်ကျော် အရေးအခင်းတုန်းက ဗိုလ်အောင်ကျော် အရိုက်ခံရလို့ မှောက်လျက်လဲသွားတဲ့ အခါမှာ သမဂ္ဂအလံကိုကိုင်ပြီး ထပြီး ရုန်းသွားတဲ့သူဆိုတာ ဒါက သူနဲ့အတူတူပါတဲ့ ဦးလေးချစ် မုံရွာက ပြောပြတာ။ အဲဒါ ကိုကြည်မောင်ကွဆိုပြီး။ သူ (ဦးကြည်မောင်) က အန်ကယ်တို့ကို မပြောဘူး။ အန်ကယ်တို့က အန်ကယ် (ဦးကြည်မောင်)အဲဒီတုန်းက ပါတယ်ဆိုမှ အေးဟုတ်တယ် အဲဒါပဲပြောတယ်။ အဲဒီလိုလူမျိုး။ ဗိုလ်အောင်ကျော် ဆုံးသွားတဲ့အချိန် ရိုက်ခံရလို့ လဲသွားတဲ့အချိန် အလံကို ကိုင်သွားတာ သူပဲ။ အဲဒီထဲကနေပြီးတော့ တောက်လျှောက်ပါလာတာ သူပဲ။ အင်မတန် Principle ကျတဲ့ သူတစ်ယောက်လို့ ထင်တယ်” ဟု ပြောကြားသည်။

NLD ပါတီ စတင်တည်ထောင်ချိန်တွင် ဦးကြည်မောင်သည် ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ကော်မတီဝင် (သုတေသနဌာနမှူး) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် လည်းကောင်း၊ ဂန္ဒီခန်းမ၌ အစည်းအဝေး ပြုလုပ်ရာတွင် လည်းကောင်း အဖွဲ့ချုပ်ကို ဦးဆောင်ခဲ့ကာ ၁၉၉၅ ခုနှစ်အထိ ထပ်မံ ထောင်ဒဏ်ကျခံခဲ့ရပြီး ၁၉၉၅ ခုနှစ်တွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

“ဘာပဲဖြစ်ဖြစ် ဦးကြည်မောင်ဆိုတာ သမိုင်းမှာ ဖျောက်ဖျက်လို့ မရဘူး။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒါဘာပဲဖြစ်ဖြစ် ဦးကြည်မောင် ဦးဆောင်ခဲ့တယ်။ ဦးကြည်မောင်ဟာ တကယ်တမ်းပြောရင်တော့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရတဲ့ အခါမှာ NLD ရဲ့ တရားဝင် မဟုတ်သော်လည်း ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ တာဝန်ယူခဲ့တာ သမိုင်းမှာ အထင်အရှား ရှိပြီးသားပါ။ သူဟာ သူ့ဘဝတစ်လျှောက်လုံး သူမှန်တယ်ထင်တဲ့အတိုင်း ရပ်တယ်။ ဥပမာ ဦးနေဝင်းနဲ့သူနဲ့ သူတော်လှန်ရေးကောင်စီဝင် ဖြစ်ရဲ့သားနဲ့ ဦးနေဝင်းကို သူဆန့်ကျင်တယ်။ ဆန့်ကျင်တယ်ဆိုတာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို မယုံဘူး။ သူက ဟန်ပြလုပ်တာတွေ အကုန်လုံးကို လက်မခံဘူး။ နောက်တစ်ခုက စစ်သားဆိုတာ နိုင်ငံရေးရယ်၊ ငွေရယ်နဲ့ ဝေးဝေးနေသင့်တယ်ဆိုတဲ့ အယူအဆ သူ့မှာ နဂိုတည်းက ရှိတယ်လေ။ အဲဒီအတွက်ကြောင့် သူဆန့်ကျင်ခဲ့တယ်။ NLD မှာလည်း သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောထားကွဲလွဲတယ်။ အဓိက,ကတော့ သူက စုပေါင်းဦးဆောင်မှုကို ယုံကြည်တယ်။ ဒေါ်အောင်ဆန်းစုကြည်က စုပေါင်းဦးဆောင်မှုနဲ့ မသွားချင်ဘဲနဲ့ တချို့ဟာတွေကို သူ့သဘောနဲ့သူ ဆုံးဖြတ်တဲ့ အခါမှာ ဦးကြည်မောင်က ဒါကို မကြိုက်ဘူး။ မကြိုက်တဲ့ အတွက်ကြောင့် သဘောထားကွဲလွဲပြီး သူ NLD က နားလိုက်တယ်။ သို့သော်လည်း ကျန်တဲ့ လူမှုရေး အကြောင်းအရာတွေ ရှိသင့်သလောက် ရှိတာပေါ့နော်။ လူမှုရေး အကြောင်းအရာတွေကိုကတော့ လူပုဂ္ဂိုလ်တွေ ထိခိုက်နစ်နာမှာစိုးလို့ မပြောတော့ပါဘူး။ အဓိက,ကတော့ ခေါင်းဆောင်မှုပုံစံကြောင့် သဘောထားကွဲလွဲတာပဲ” ဟု ဦးတင်မောင်ဦးက ဆိုသည်။

ဦးကြည်မောင်သည် ၁၉၉၇ ခုနှစ်မှ စတင်ကာ ကွယ်လွန်ချိန်အထိ လူငယ်များအား ပညာမျှဝေမှုနှင့် စာတမ်းပြုစုခြင်း ကိစ္စများကိုသာ အဓိက ဆောင်ရွက်ခဲ့ပြီး ဇင်ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်နှစ်အုပ်ကို ရေးသားခဲ့ကာ နိုင်ငံတော်နှင့် စစ်မှုထမ်းစာတမ်း စသော စာတမ်းများကို ပြုစုခဲ့ပြီး ၂၀၀၄ ခုနှစ် သြဂုတ် ၁၉ ရက်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent