ပြောင်းရွှေ့ကြေးပိုမိုရရှိလျှင် ဒမ်ဘီလီအား ဒေါ့မွန် ရောင်းချဖွယ်ရှိ

ပြောင်းရွှေ့ကြေးပိုမိုရရှိလျှင် ဒမ်ဘီလီအား ဒေါ့မွန် ရောင်းချဖွယ်ရှိ
Published 13 August 2017

ဒေါ့မွန်အသင်းသည် ပြင်သစ်လူငယ် ကြယ်ပွင့်ကစားသမား အူစမန်ဒမ်ဘီလီ အတွက် မြင့်မားသည့်ပြောင်းရွှေ့ကြေးရရှိ လျှင် ရောင်းချဖွယ်ရှိကြောင်း အမှုဆောင်ချုပ်ဖြစ်သူ ဟန်းစ်ဂျိုအာချင်ဝေါ့ဇ်ကီကပြောကြားခဲ့သည်။

အသက် (၂၀) သာရှိသေးသည့် တောင်ပံကစားသမား ဒမ်ဘီလီအတွက် ဘာစီလိုနာအသင်း၏ ပထမအကြိမ်ကမ်းလှမ်းမှုအား ပယ်ချခဲ့ကြောင်း ဒေါ့မွန်အသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။ ဒေါ့မွန်အသင်းက ဘာစီလိုနာအသင်းကမ်းလှမ်းသည့် ပြောင်းရွှေ့ကြေးကို ဖော်ပြခြင်းမရှိသော်လည်း ယူရိုသန်း (၁၀၀) ဖြစ်ကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြခဲ့ပြီး ၎င်းတို့ အနေဖြင့် ယူရိုသန်း (၁၃၀) မှ သန်း (၁၅၀) အထိ အလိုရှိနေကြောင်း သိရသည်။

ထို့ပြင် ဝေါ့ဇ်ကီက "တစ်စုံတစ်ဦးက ယူရိုသန်း (၅၀၀) နဲ့ သာ ကမ်းလှမ်းမယ်ဆိုရင် ဘယ်သူ့ကိုမဆို ခေါ်ယူနိုင်မှာပါ။ အပြောင်းအရွှေ့ကာလ မပြီးသေးသရွေ့ ပြီးဆုံးသွားပြီဆိုတာမရှိပါဘူး" ဟု Funke Media သတင်းဌာနသို့ပြောကြားခဲ့ရာ ဘာစီလိုနာအသင်းအနေဖြင့် မျှော်လင့်ချက်ရှိနေသေးကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။ ဒမ်ဘီလီသည် သြဂုတ် (၁၀) ရက်တွင် ခွင့်ပြုချက်မရဘဲ လေ့ကျင့်ခန်း အစီအစဉ်ပျက်ကွက်ခဲ့သောကြောင့် ဒဏ် ကြေး ယူရိုတစ်သိန်းအပြင် အသင်းနှင့်အတူ လေ့ကျင့်ခွင့်ပိတ်ပင်ခံထားရသည်။

Most Read

Most Recent