နေမာ မရှိလည်း ဘာစီလိုနာအသင်း အားလျော့မသွားနိုင်ဟု နာဗတ်စ်ဆို

နေမာ မရှိလည်း ဘာစီလိုနာအသင်း အားလျော့မသွားနိုင်ဟု နာဗတ်စ်ဆို
Published 13 August 2017

Photo: Marca

ရီးယဲလ်ဂိုးသမား နာဗတ်စ်က ပြိုင်ဘက်ဘာစီလိုနာအသင်းတွင် နေမာ မရှိတော့သော်လည်း အားလျော့မသွားနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ရီးယဲလ်နှင့် ဘာစီလိုနာအသင်းတို့သည် ယနေ့ည မြန်မာစံတော်ချိန် (၂း၃၀)နာရီတွင် စပိန်စူပါဖလား ပထမအကျော့ပွဲစဉ်အဖြစ် နူးကမ့်ကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် နာဗတ်စ်က " နေမာရဲ့အစွမ်းအစက ဘာစီလိုနာအသင်းအတွက် အရေးကြီးပါတယ်။ ဒါပေမဲ့ သူမပါရင် ဘာစီလိုနာအသင်း အားလျော့သွားနိုင်တယ်လို့ မတွေးမိဖို့ လိုပါတယ်။ ဘာစီလိုနာအသင်းမှာ သူ့နေရာကို အစားဝင်ပြီး ခြေစွမ်းပြမယ့်ကစားသမားတွေ ရှိနေပါတယ်။ ဘာစီလိုနာရဲ့ပုံစံ ပျက်သွားမှာ မဟုတ်ပါဘူး" ဟုပြောကြားခဲ့သည်။

သို့သော် နာဗတ်စ်က မိမိတို့အနေဖြင့် ယခုပွဲကို အနိုင်ရရှိအောင် ဦးတည်ကစားသွားမည်ဖြစ်ပြီး ကစားသမားအားလုံးက တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေကြောင်းလည်း ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် နေမာကို ရောင်းထုတ်ခဲ့ရပြီးနောက် ပြန်လည်အစားထိုးရန် ကစားသမားသစ်ရှာဖွေနေသော်လည်း လက်ရှိအချိန်အထိ ကမ်းလှမ်းမှုများ အဆင်မပြေဖြစ်နေကြောင်း သိရှိရသည်။

ဘာစီလိုနာအသင်းသည် ကော်တင်ဟိုနှင့် ဒမ်ဘီလီတို့အတွက် ကမ်းလှမ်းမှုများ ပယ်ချခံခဲ့ရသည့်အတွက် ဟာဇက်၊ ဒီမာရီယာ၊ အိုဇေးလ် စသည့်ကစားသမားများကို ပစ်မှတ်ထားလာကြောင်းလည်း သိရှိရသည်။

စပိန်မီဒီယာများကမူ တရုတ်စူပါလိဂ်မှ စပါးကစားသမားဟောင်း ပေါ်လင်ဟိုကို ခေါ်ယူနိုင်ရန်မူ နီးစပ်နေပြီဖြစ်ကြောင်း ဖော်ပြလျက်ရှိသည်။

 

Most Read

Most Recent