ကော်တင်ဟိုနှင့် ဒမ်ဘီလီ နှစ်ဦးစလုံးကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု ဘာစီလိုနာအသင်း၏အထွေထွေမန်နေဂျာ အတည်ပြု

ကော်တင်ဟိုနှင့် ဒမ်ဘီလီ နှစ်ဦးစလုံးကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု ဘာစီလိုနာအသင်း၏အထွေထွေမန်နေဂျာ အတည်ပြု
Published 18 August 2017

Photo: Skysports

ဘာစီလိုနာအသင်း၏ အထွေထွေမန်နေဂျာ ပက်ဆီဂူရာက ပစ်မှတ်ထားနေသော ကစားသမားနှစ်ဦးဖြစ်သည့် ကော်တင်ဟိုနှင့် ဒမ်ဘီလီတို့ကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု အတည်ပြုပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာကို ဆုံးရှုံးခဲ့ရပြီးနောက် ထိပ်တန်းကစားသမားများ ပြန်လည်အားဖြည့်ရန် ကြိုးပမ်းလျက်ရှိရာ ကော်တင်ဟိုနှင့် ဒမ်ဘီလီတို့မှာ ဦးစားပေးပစ်မှတ်ကစားသမားများ ဖြစ်နေသည်။

ယင်းကစားသမားနှစ်ဦးစလုံးကလည်း ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားရန် လိုလားနေခြင်းကြောင့် ပြောင်းရွှေ့ခွင့်ပင် တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

သို့သော် ဘာစီလိုနာအသင်း၏ အစောပိုင်းကမ်းလှမ်းမှုများကို လီဗာပူးလ်နှင့် ဒေါ့မွန်အသင်းတို့က ပယ်ချခဲ့ကြပြီး မြင့်မားသည့်ပြောင်းရွှေ့ကြေးရရှိရန် ရည်ရွယ်နေကြသည်။

ထို့ကြောင့် ဘာစီလိုနာအသင်းသည် ကော်တင်ဟိုကို တတိယအကြိမ် ကမ်းလှမ်းသွားရန် စီစဉ်နေပြီး တန်ဖိုးမှာ ပေါင်(၁၁၈)သန်းအထိ မြင့်တက်လာဖွယ်ရှိနေကြောင်းလည်း မီဒီယာများက သုံးသပ်လျက်ရှိသည်။

ပက်ဆီဂူရာကမူ "ကျွန်တော်တို့အသင်း လာမယ့်ရက်ပိုင်းအတွင်းမှာ တောင့်တင်းတဲ့အသင်းဖြစ်လာမှာပါ။ ကော်တင်ဟိုနဲ့ ဒမ်ဘီလီလား။ နှစ်ဦးစလုံးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။ ဒါပေမဲ့ လောလောဆယ် ဒီထက်တော့ ပိုမပြောနိုင်သေးပါဘူး။ သူတို့ကို မကြာခင် ဘာစီလိုနာဝတ်စုံနဲ့ မြင်တွေ့ရဖို့ မျှော်လင့်နေပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent