ဂျပန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း ကာဇူ အသက်(၅၀)ကျော်အထိ ဘောလုံးဆက်ကစားမည်

Photo:RTE

ဂျပန်ဝါရင့်တိုက်စစ်မှူး ကာဇူသည် ဂျေလိဂ်-၂ကလပ် ယိုကိုဟားမားFCအသင်းနှင့် စာချုပ်သက်တမ်းတိုးပြီးနောက် အသက်(၅၀)ကျော်အရွယ်အထိ ပရော်ဖက်ရှင်နယ်ဘောလုံးလောကအတွင်း ဆက်လက်ရှိနေမည်ဖြစ်သည်။

အမည်အပြည့်အစုံ ''ကာဇူယိုရှီမီအူရာ'' ဟုခေါ်တွင်သည့် ကာဇူမှာ လာမည့် ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် (၅၀)နှစ်ပြည့်မည်ဖြစ်ကြောင်း သိရသည်။ ကာဇူမှာ ဂျပန်ပြည်တွင်းလိဂ်တွင် အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် ပြီးခဲ့သည့်ရာသီက (၄၉)နှစ်ဖြင့် စံချိန်တင်ထားခဲ့သည်။

၂၀၁၆ ရာသီအတွင်း အမှတ်ပေးပွဲ(၂၀)ပွဲကစားကာ (၂)ဂိုး သွင်းယူခဲ့ပြီး ပွဲအများစုမှာ ဒုတိယပိုင်းတွင် လူစားဝင်ကစားရခြင်းဖြစ်သည်။

ဂျပန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ကာဇူသည် နိုင်ငံအသင်းအတွက် (၈၉)ပွဲကစား ကာ (၅၅) ဂိုးသွင်းယူခဲ့သည်။ ၎င်းမှာ လက်ရွေးစင်ကစားသမားအဖြစ်မှ လွန်ခဲ့သည့်(၁၇)နှစ်ကတည်းက အနားယူထားခဲ့သူဖြစ်သည်။