အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် အိမ်ရှင်မြန်မာအသင်း စင်ကာပူအသင်းနှင့် ပွဲဦးထွက် ယှဉ်ပြိုင်ရမည်

မြန်မာ ယူ-၂၂ အသင်း အဓိကတိုက်စစ်မှူး အောင်သူ (ဓာတ်ပုံ-ညီညီစိုးညွန့်)

အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (F) တွင် အိမ်ရှင်မြန်မာအသင်းသည် စင်ကာပူအသင်း နှင့် ပွဲဦးထွက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ အာရှ ဘောလုံးအဖွဲ့ချုပ် (AFC) သည် ယင်းခြေစစ်ပွဲကို အုပ်စု ၁၀ ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး ခြေစစ်ပွဲကို ဇူလိုင် ၁၉ ရက်မှ ၂၃ ရက်အထိ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာအသင်းသည် အုပ်စု (F) တွင် သြစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်းတို့နှင့် ကျရောက်နေပြီး အုပ်စုပွဲများအားလုံးကို ရန်ကုန်မြိှု့ရှိ သုဝဏ္ဏကွင်း၌ တစ်နေ့လျှင် နှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ အိမ်ရှင်မြန်မာအသင်းသည် ပွဲစဉ်အားလုံးကို ဒုတိယပွဲအဖြစ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် ကျင်းပမည့်အချိန်များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က အတည်ပြု ထုတ်ပြန်မည်ဖြစ်သည်။ ယင်းခြေစစ်ပွဲတွင် လက်ရှိချန်ပီယံ ဂျပန်အသင်း အပါအ၀င် နောက်ဆုံးအဆင့်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တရုတ်အသင်းပါ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တရုတ်အသင်းသည် ခြေစစ်ပွဲတွင် အုပ်စု ပထမနေရာရရှိပါက အကောင်းဆုံး ဒုတိယနေရာရအသင်းများအနက် ခြောက်သင်းအထိ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။ ခြေစစ်ပွဲကျင်းပမည့် ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၁၀ သင်းနှင့် အကောင်းဆုံး အုပ်စု ဒုတိယနေရာရ ငါးသင်းတို့ နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် အာရှ ယူ-၂၃ ခြေစစ်ပွဲကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က လက်ခံကျင်းပခဲ့ဖူးပြီး တောင်ကိုရီးယား အသင်းနှင့်အတူ ခြေစစ်ပွဲအောင်မြင်ခဲ့သည်။