စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့၏ ၀င်ငွေများကို Daily Mail ဖော်ပြ

၂၀၁၅ Ballon d’Or ဆုပေးပွဲတွင် အတူတွေ့ရသည့် မက်ဆီ (၀ဲ) နှင့် စီရော်နယ်လ်ဒို (ယာ) (Photo - AFP)

ကမ္ဘာကျော်ဘောလုံးသမားနှစ်ဦးဖြစ်သည့် စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့၏ကဏ္ဍ အသီးသီးမှ ၀င်ငွေများကို ဗြိတိန်သတင်းစာ Daily Mail က ဖော်ထုတ်ရေးသားခဲ့သည်။

စီရော်နယ်လ်ဒိုသည် လက်ရှိတွင် တစ်ပတ်လစာ အသားတင် ပေါင်လေးသိန်းရရှိနေပြီး မက်ဆီမှာမူ ယခုလအတွင်း စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့လျှင် အသားတင်ပေါင် ငါးသိန်းဝန်းကျင်အထိ ရဖွယ်ရှိနေသည်။ စီရော်နယ်လ်ဒိုမှာ Nike နှင့် စပွန်ဆာစာချုပ်မှ တစ်နှစ် ပေါင် ၂၁ သန်းဝန်းကျင်ရရှိနေပြီး မက်ဆီက Adidas နှင့် စာချုပ်မှ ယူရို ၈ ဒသမ ၈ သန်းရရှိနေခြင်း ဖြစ်သည်။ ယခုနှစ်တွင် ရီးယဲလ်အသင်း ချန်ပီယံလိဂ်နှင့် လာလီဂါဖလား ဆွတ်ခူးခဲ့ခြင်းကြောင့် စီရော်နယ်လ်ဒိုက အပိုဆုကြေး ပေါင် ၁ ဒသမ ၃ သန်းရရှိခြင်း၊ မက်ဆီအနေဖြင့် စာချုပ်သစ်ချုပ်ဆိုခဲ့လျှင် လက်မှတ်ထိုးကြေး ပေါင် ၁၃ ဒသမ ၂ သန်း ရရှိနိုင်သည့် တရားဝင်ဖော်ပြခြင်း မရှိသော ၀င်ငွေများလည်းရှိကြောင်း သိရသည်။ ထို့ပြင် စီရော်နယ်လ်ဒို၏ စာချုပ်လျော်ကြေးမှာ ပေါင်သန်း ၁၀၀၀ နှင့် မက်ဆီမှာ ပေါင်သန်း ၄၀၀ အထိရှိသည်။         

Forbes ၏ တစ်နှစ်တာဝင်ငွေ အကောင်းဆုံး Celebrities စာရင်းတွင်လည်း စီရော်နယ်လ်ဒိုမှာ နံပါတ်ခုနစ်နေရာတွင် ပေါင် ၇၃ ဒသမ ၂ သန်းဖြင့် ရပ်တည်ခဲ့သည်။ ယင်းစာရင်းတွင် ရှောင်ကွန်း (အဆိုတော်/၁၀၂ သန်း)၊ ဘီယွန်စေး (အဆိုတော်/ ၈၂ ဒသမ ၇ သန်း)၊ ဂျေကေရိုးလင်း(စာရေး ဆရာမ/ ၇၄ ဒသမ ၈ သန်း)၊ ဒရိတ်(အဆိုတော် / ၇၄ ဒသမ ၀၆သန်း)၊ The Weeknd (အဆိုတော် / ၇၂ ဒသမ ၄၅ သန်း)၊ ဟောင်းဝပ်စတန်း(ပရိုဂျူ ဆာ/ ၇၀ ဒသမ ၈၆ သန်း)၊ ကိုးပလေး (အဆိုတော်/ ၆၉ ဒသမ ၆၆သန်း)၊ ဂျိမ်းစ်ပတ်တာ ဆန် (စာရေးဆရာ/ ၆၈ ဒသမ ၅၃ သန်း)၊ လီ ဘရွန်ဂျိမ်းစ်(ဘက်စကတ်ဘော/ ၆၇ ဒသမ ၈သန်း) တို့ ပါဝင်ခဲ့ကြသည်။ မက်ဆီ၏တစ် နှစ်ဝင်ငွေမှာ ပေါင် ၆၁ ဒသမ ၈သန်းရှိခဲ့သည်။