ဆိုရှယ်မီဒီယာတွင် တင်ဆက်ခဲ့သည့် အနုပညာလှုပ်ရှားမှုများမှတစ်ဆင့် ပရိသတ်အားပေးချစ်ခင်မှုများစွာ ရရှိခဲ့သည့် သရုပ်ဆောင်ဖြူဖြူထွေးမှာ ၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်ကပ်ရောဂါကာလအတွင်းတွင်လည်း ဆိုရှယ်မီဒီယာမှတစ်ဆင့် အနုပညာလှုပ်ရှားမှုများစွာ တင်ဆက်ခဲ့ခြင်း၊ အခက်အခဲများနှင့် ရင်ဆိုင်ရနေရသည့် အနုပညာရှင်များနှင့် အခြေခံ မိသားစုများအတွက် လှူဒါန်းကူညီမှုများ ပြုလုပ်ခြင်းတို့ဖြင့် ပရိသတ် အားပေးမှု ပိုမိုရရှိလာခဲ့သောကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း ထင်ရှားသည့် အနုပညာရှင်တစ်ဦးအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။
သရုပ်ဆောင် ဖြူဖြူထွေးသည် ကျောင်းကပွဲတစ်ခုတွင် သဘာဝကျကျဖြင့် ကပြတင်ဆက်နေသည့် ရုပ်သံဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းတွင်လွှင့်တင်ခဲ့ရာမှ ပရိသတ်သတိထားမိစေခဲ့သူဖြစ်သည်။ ထို့နောက် ကြော်ငြာများရိုက်ကူးခွင့် ရရှိလာသည့်အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွင်လည်း ပါဝင်သရုပ်ဆောင်ခွင့် ရခဲ့သည်။ သရုပ်ဆောင်ဖြူဖြူထွေးသည် ၂၀၂၀ ပြည့်နှစ်အတွင်းတွင် ပရိသတ်အားပေးလက်ခံမှု ပိုမိုရရှိလာခဲ့ခြင်း ဖြစ်သည်။
၂၀၂၀ မတ် ၂၃ ရက်မှစတင်ကာ ကိုဗစ်ကပ်ရောဂါပိုးတွေ့ချိန်မှစတင်၍ ရုပ်ရှင်၊ ဗီဒီယိုနှင့် ကြော်ငြာများ ရိုက်ကူးမှုလုပ်ငန်းများ ရပ်နားခဲ့သော်လည်း သရုပ်ဆောင်ဖြူဖြူထွေးမှာ လူအနည်းငယ်သာပါဝင်စေသည့် ကြော်ငြာများရိုက်ကူး၍ ၎င်း၏လူမှုကွန်ရက်စာမျက်နှာထက်တွင် တင်ပေးခဲ့ကာ အဆိုပါကြော်ငြာများကို ပရိသတ်အားပေးကြည့်ရှုမှုနှုန်းမှာ များပြားခဲ့သည်။ ဖြူဖြူထွေး၏ ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာအား Like ထားသူဦးရေမှာ သုံးသန်းကျော်ရှိကာ Follower ဦးရေ ခုနစ်သန်းကျော် ရှိထားခြင်းဖြစ်သည်။ ကိုဗစ်ကပ်ရောဂါကာလအတွင်း လုပ်ငန်းရှင်များ၏ ကြော်ငြာများကို အွန်လိုင်းအတွက်ရိုက်ကူးပေးရာ၌ လုပ်ငန်းများ ရပ်နားထားရသည့် ရုပ်ရှင်အနုပညာရှင်အချို့ကို ပါဝင်စေခြင်း၊ အတူတွဲဖက်ပါဝင်သည့် အနုပညာရှင်များကို ဂါရဝပြုကန်တော့ခြင်း၊ ကိုဗစ်ကာလအတွင်း ကျပ်တည်းလျက်ရှိသည့် အခြေခံမိသားစုများအတွက် ငွေကြေးနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခြင်းတို့ကို မကြာခဏ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ ဇာတိဖြစ်သည့်ကျေးရွာတွင်လည်း လျှပ်စစ်မီးရရှိရေး အပါအဝင် ရပ်ရွာအတွက် လိုအပ်သည်များကို ပါဝင်ကူညီလှူဒါန်းသူတစ်ဦးဖြစ်သည်။









