ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် တင်ပြရန် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးမူနှင့် အားလုံး လိုလားသည့် နိုင်ငံရေး စနစ်တို့အား စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နှင့် မိတ်ဖက်နိုင်ငံရေး အဖွဲ့အစည်းများက ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် သုံးရက်ကြာ ဆွေးနွေးခဲ့သည်။ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် တိုင်းရင်းသား လူမျိုးများရေးရာ စင်တာ (ENAC)တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိကကျသော မူဝါဒများ ရေးဆွဲနိုင်ရေး ဆွေးနွေးပွဲကို ဇွန် ၃၀ ရက်မှ စတင်၍ ဇူလိုင် ၂ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ UNA အဖွဲ့ဝင် ပါတီ ၁၂ ပါတီ၊ မိတ်ဖက်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူ အချို့ တက်ရောက် ဆွေးနွေးခဲ့သည်။စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “ဆွေးနွေးပွဲကတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ စခဲ့လို့ ရှိရင် ညီလာခံမှာ တင်ပြဖို့ အဓိက အချက်တွေ၊ မူဝါဒတွေအတွက် ဆွေးနွေးတာပေါ့။ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မယ် ဆိုရင် ပြည်နယ်တွေနဲ့ချည်းပဲ ဖွဲ့စည်းမလား၊ တိုင်းဒေသကြီးတွေနဲ့ချည်းပဲ ဖွဲ့စည်းမလား စသဖြင့်ပေါ့။ နောက်ပြီး နိုင်ငံရေးစနစ်က ဘယ်လို နိုင်ငံရေးစနစ် သွားမလဲ။ ဒီမိုကရေစီနိုင်ငံရေး စနစ်လား စသဖြင့်ပေါ့” ဟု ဇူလိုင် ၂ ရက် ဆွေးနွေးပွဲ အပြီးတွင် ပြောကြားသည်။လက်ရှိတွင် အစိုးရက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံကို သြဂုတ်လ နောက်ဆုံးထား ကျင်းပရန် ဆုံးဖြတ်ထားရာ UNA အဖွဲ့ဝင် ပါတီ ၁၂ ပါတီ အနက်၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ရရှိထားသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသား ပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနှင့် မွန်အမျိုးသား ပါတီတို့က တက်ရောက်ခွင့် ရှိမည်ဖြစ်သည်။ထိုသို့ ညီလာခံသို့ တက်ရောက်ခွင့်ရသည့် ပါတီများက ကျန်အဖွဲ့ဝင် ပါတီများထံမှ သဘောထားများကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ စုစည်း တင်ပြသွားနိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်သလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးစသည့် နိုင်ငံရေး ကိစ္စရပ်များအတွက် မိတ်ဖက်နိုင်ငံရေး အဖွဲ့အစည်းများ၏ သဘောထားများလည်း ရယူနေခြင်းဖြစ်ကြောင်း UNA အတွင်းရေးမှူး အဖွဲ့မှ သိရသည်။ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာက “ဖက်ဒရယ် ပြည်ထောင်စု တစ်ခုရဲ့ ဖွဲ့စည်းပုံကို မူကြမ်းရေးဆွဲတဲ့ သဘောပါ။ ကျွန်တော်တို့ အစိုးရ ပုံစံတို့၊ အာဏာ ခွဲဝေခြင်းတို့ လွှတ်တော်နဲ့ ဥပဒေပြုပုံ နောက် တရားစီရင်ရေး ကိစ္စ၊ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရအကြား ဆက်ဆံရေး၊ နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးကို ဘယ်လို ပုံစံမျိုးနဲ့ဖွဲ့စည်းမလဲ။ နောက် ဖက်ဒရယ်ပြည်ထောင်စု စနစ်နဲ့ ကိုက်ညီမယ့် ရွေးကောက်ပွဲ စနစ်ကို ဘယ်လို ဖော်ဆောင်မလဲ ဒီလို အချက်တွေ ပါဝင်တယ်ပေါ့။ လာမယ့် ညီလာခံမှာလည်း ဒီဖက်ဒရယ် ပြည်ထောင်စု အကြောင်းပဲ ပြောကြမှာလေ။ ဆွေးနွေးပွဲက အပြုသဘော ဆောင်ပါတယ်” ဟု ပြောကြားသည်။UNA အနေဖြင့် ဆက်လက်၍ ယခုပြုလုပ်သည့် ဆွေးနွေးပွဲကဲ့သို့ နောက်ထပ် ဆွေးနွေးပွဲများ ထပ်မံ ပြုလုပ်သွားရန် ရှိကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အခြားသော နိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများနှင့် CSOs များ ပါဝင်နိုင်ရန်လည်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် တင်ပြရန် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးမူနှင့် အားလုံး လိုလားသည့် နိုင်ငံရေး စနစ်တို့အား UNA နှင့် မိတ်ဖက်နိုင်ငံရေး အဖွဲ့အစည်းများ ဆွေးနွေး















